26 July 2026 5:13 PM

ပေါင်းတည်က ဆောက်လုပ်ဆဲသင်္ကြန်မဏ္ဍပ်ကို သတိပေးဗုံးခွဲ

0 1
0 1

ပြည်၊ ဧပြီ ၉၊ ၂၀၂၃။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့က ဆောက်လုပ်ဆဲသင်္ကြန်မဏ္ဍပ်ကို သတိပေးတဲ့အနေနဲ့ ဧပြီလ ၉ ရက်ဒီမနက်က ဗုံး ၁ လုံးဖေါက်ခွဲခဲ့တယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၃၆၀၁ တပ်ခွဲ – ၅ နွေဦးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပေါင်းတည်မြို့၊ စျေး ၂ ရပ်ကွက် ဘုရားကြီးလမ်းပေါ်က စစ်ကောင်စီသင်္ကြန်မဏ္ဍပ်ကို ဒီနေ့မနက် ၅ နာရီက ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

“ပေါင်းတည်သင်္ကြန်မဏ္ဍပ်ကိုဗုံးခွဲတာဟုတ်ပါတယ်၊ ခုမနက် ၅ နာရီကပါ၊ ပြည်သူတွေထိခိုက်မှုမရှိအောင် မဏ္ဍပ်ကြမ်းခင်းပေါ်တင်ပြီးခွဲခဲ့တာပါ၊ ပျက်စီးမှုအနည်းအပါးပဲရှိမယ်၊ စစ်ကောင်စီနဲ့တပ်ဖွဲ့ဝင်တွေကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာ” လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း – ၃၆၀၁ တပ်ခွဲ – ၅ နွေဦးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲသံကို တမြို့လုံးက ကျယ်လောင်စွာကြားရပြီး နေအိမ်တွေတောင် တုန်သွားတယ်လို့လည်း မြို့ခံတဦးက ပြောပါတယ်။

အဲဒီသင်္ကြန်မဏ္ဍပ်ဆောက်လုပ်ဖို့အတွက် စစ်ကောင်စီက မြို့နယ်အတွင်းရှိ နိုင်ငံပိုင်ကျွန်းသစ်ခိုးထုတ်သူတွေကို ထောက်ပံ့ခိုင်းစေပြီး၊ အခြားကုန်ကျငွေတွေအတွက် နယ်လှည့်လောင်းကစားဒိုင်တွေ၊ ၂ လုံး၊ ၃ လုံးနဲ့ ဘောလုံးဒိုင်တွေကို ထွေအုပ်၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေက မဲလက်မှတ်ရောင်းကာ ရံပုံငွေရှာဖွေတယ်လို့ အုပ်ချုပ်ရေးဌာနနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ပေါင်းတည်မြို့ကို စစ်ကောင်စီက မာရှယ်လောကြေညာထားပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မကြာခဏဆိုသလို တိုက်ခိုက်မှုတွေပြုလုပ်နေပြီး ဧပြီလ ၃ ရက်ညကလည်း တောင်ပို့လှအုပ်စု ကပြန်လာတဲ့ ရဲတွေကို မိုင်းဆွဲခဲ့ကြပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်သင်္ကြန်အကြိုနေ့မတိုင်မီကလည်း မြို့ပေါ်ရပ်ကွက်တခုနဲ့ မဏ္ဍပ်အနီးမှာဗုံးပေါက်ကွဲခဲ့သလို မဏ္ဍပ်ပေါ်မှာ အရက်ထိုင်သောက်နေတဲ့ လုံခြုံရေးစစ်သားကိုလည်း လူငယ်အချို့ကအရက်ပုလင်းခွံနဲ့ပစ်ပေါက်ခဲ့ကြပြီး၊ ဧပြီလ ၁၆ ရက်(သင်္ကြန်အတက်နေ့)မှာတော့ မဏ္ဍပ်အနီး ဘုရားကြီးလမ်းနဲ့ ရန်ကုန်လမ်းထောင့်အလွန်မှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ရေကစားလာတဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။