နွားထိုးကြီးနဲ့ ဆားလင်းကြီးမှာ ဗုံးကြဲတိုက်ခိုက်ခံရလို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

0 21
0 21

ကျော်ကြီး၊ ဟယ်သာ

မြေလတ်အသံ၊ အောက်တိုဘာ ၈၊ ၂၀၂၅။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းကျေးရွာက စစ်ရှောင်တွေနေတဲ့ဘုန်းကြီးကျောင်းကို အောက်တိုဘာ ၈ ရက် မနက် ၈ နာရီခွဲမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ရှောင်နေတဲ့ အမျိုးသမီး ၁ ဦးသေပြီး ၁၀ ဦးကျော်ဒဏ်ရာရတယ်လို့ ကူညီရေးလုပ်ဆောင်ပေးနေသူဆီက သိရပါတယ်။

“ရဲဘော်တွေလည်းမရှိဘဲ ဘုန်းကြီးကျောင်းကိုလေကြောင်းတိုက်ခိုက်မှုလုပ်သွားတာ။ ပြည်သူ ၁ ယောက် ဦးခေါင်းခွံလန်ပြီးဆုံးသွားတယ်။ ဒဏ်ရာရသူ ၁၀ ဦးကျော်တယ်။ ကလေး ၁ ယောက်ဆို ပေါင်ပြတ်သွားတယ်။”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတဦးက ပြောပါတယ်။

ပုံစာ – ဗုံးကြဲခံရသည့် နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းကျေးရွာက စစ်ရှောင်တွေနေတဲ့ဘုန်းကြီးကျောင်း။
ပုံစာ – ဗုံးကြဲခံရသည့် နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းကျေးရွာက စစ်ရှောင်တွေနေတဲ့ဘုန်းကြီးကျောင်း။

ဗုံးထိမှန်တာကြောင့် အသက် ၄၅ နှစ်အရွယ် ဒေါ်ကြင်မှာ နေရာမှာတင်သေဆုံးပြီး စစ်ဘေးရှောင်ကလေးငယ်တွေ သံဃာတွေအပါအဝင် ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ကာ ထိခိုက်သေဆုံးသူတွေကိုတော့ နီးစပ်ရာဆေးရုံဆေးခန်းတွေကို ပို့ဆောင်နေကြတယ်လို့ ဆိုပါတယ်။

ထိခိုက်သေဆုံးသူတွေက မကျီးကုန်းရွာခံတွေဖြစ်ပြီး တိုက်ပွဲအခြေအနေကြောင့် ကျေးရွာအတွင်း က နေအိမ်တွေမှာ မနေရဲဘဲ ဘုန်းကြီးကျောင်းထဲမှာ လာစုနေကြတာလို့ ဆိုပါတယ်။

မကျီးကုန်းကျေးရွာနဲ့ ၂ မိုင်ခန့်အကွာ စည်ပင်ကျေးရွာဘက်မှာ စစ်ကော်မရှင်တပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတာ ၁၂ ရက်ရှိနေပြီလို့ သိရပါတယ်။

ပုံစာ – ဗုံးကြဲခံရသည့် နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းကျေးရွာက စစ်ရှောင်တွေနေတဲ့ဘုန်းကြီးကျောင်း။
ပုံစာ – ဗုံးကြဲခံရသည့် နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းကျေးရွာက စစ်ရှောင်တွေနေတဲ့ဘုန်းကြီးကျောင်း။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာကို အောက်တိုဘာ ၇ ရက်မှာလည်း စစ်ကော်မရှင်တပ်က လေကြောင်းကနေ ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျားတက်ရွာအနီးကို မနက်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ဗုံး ၂ လုံးကြဲချိန် ပေါက်ကွဲ၊ ထိခိုက်မှုမရှိခဲ့ဘဲ နေ့လယ် ၃ နာရီလောက်မှာ ရွာထိပ်ဆီဆိုင်ရှေ့ကို ထပ်မံဗုံးကြဲခဲ့တာကြောင့် ဆီဆိုင်ပိုင်ရှင် အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးသေဆုံးပြီး အသက် ၅၀ အရွယ် အမျိုးသား ၁ ဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ကျတာက ကျားတက်ရွာထိပ်ပေါ့၊ ဓာတ်ဆီဆိုင်ရှေ့တည့်တည့်ကျသွားတာ ဆီဆိုင်ပိုင်ရှင်ကတော့ ပြေးမလွတ်တဲ့သဘောထင်ပါတယ်။ အမြင့်ကြီးပဲ အပေါ်အမြင့်ကြီးကနေမှကြဲချတာ မနက်ကလည်း ဖိုက်တာလုပ်ထားတာဆိုတော့ ဒီဟာတော့ မြင်လဲမမြင်ရဘူး အသံပဲကြားရတာ ၃စီးတပြိုင်ထဲပဲ “လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ပုံစာ – ဗုံးကြဲခံရသည့် နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းကျေးရွာက စစ်ရှောင်တွေနေတဲ့ဘုန်းကြီးကျောင်း။
ပုံစာ – ဗုံးကြဲခံရသည့် နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းကျေးရွာက စစ်ရှောင်တွေနေတဲ့ဘုန်းကြီးကျောင်း။

နေ့လယ်ပိုင်းမှာ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံး ၃ လုံးကြဲချရာ ဆီဆိုင်ရှေ့နဲ့ ဆိုင်အနီးအနောက်ဘက်က လယ်ကွင်းတွေထဲကို ကျရောက်ခဲ့ပြီး ဒေသခံတချို့လည်းထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အောက်တိုဘာပထမအတွင်း စစ်ကော်မရှင်တပ်တွေရဲ့ ဂျိုင်ရိုကော်ပတာတွေဟာ ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ်တို့ကိုဖြတ်ပြီး ပေါက်နဲ့ မြိုင်မြို့နယ်ဘက်ကို နေ့စဥ်နီးပါးဗုံးကြဲနေပြီး အမြင့်ပိုင်းကနေ ပျံသန်းနေကြတာကြောင့် ဒေသခံတွေလည်းသတိမထားနိုင်ခဲ့ကြဘူးလို့ ဒေသခံအမျိုးသမီးက ပြောပါတယ်။

“ပြောရရင်တော့ရှောင်တော့ရှောင်ကြတယ်။ ဒါပေမယ့် မနက်ခင်းကတက်သွားတာက သူတို့ နှစ်ကြိမ်တောင် လုပ်သွားတာဆိုတော့ ထပ်ပြီးတော့မလာတော့ဘူးထင်ပြီး နေတာလဲပါရင်ပါမှာပေါ့။ အခုရက်ပိုင်းထဲမှာ ဒီဘက်တွေကိုသန်သန်လာတာလေ၊ မမြင်ဘူးတော့ကျတော့ မမြင်ရဘူး အတော်ကိုမြင့်တယ်။” လို့ သူကပြောပါတယ်။

စစ်ကော်မရှင်တပ်က စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းတို့အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ်လုပ်ဆောင်လျှက်ရှိနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်ညမှာလည်း ချောင်းဦးမြို့နယ်၊ ဗုံတိုကျေးရွာအနီး ဒေသတွင်းသပိတ်အဖွဲ့တွေနဲ့ ပြည်သူတွေစုပေါင်း ဆီးမီးသပိတ်လုပ်နေချိန် ဗုံးကြဲခဲ့တာကြောင့် ဒေသခံဒါဇင်နဲ့ချီသေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။