နတ်ရေကန်တောင်တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၂၇ ဦးကို ထပ်မံဖမ်းမိ

0 12
0 12

မြေလတ်အသံ၊ အောက်တိုဘာ ၃၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ရခိုင်ရိုးမပေါ် အမ်း-ပဒါန်းလမ်းပိုင်းနံဘေးရှိ နတ်ရေကန်တောင်တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်သား ၂၇ ဦးကို ဖမ်းဆီးရရှိထားတယ်လို့ PRA-Magway က အောက်တိုဘာ ၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိသူတွေဟာ စကခ ၁၇ လက်အောက်ခံတပ်ဖွဲ့ဝင် ၂၀ ဦးနဲ့ တပ်မ ၇၇ လက်အောက် ၇ ဦးဖြစ်ပြီး ၂၀ ဦးဟာ စက်တင်ဘာလအတွင်း နတ်ရေကန်တောင်တိုက်ပွဲတွေကထွက်ပြေးလာတဲ့ စစ်မှုထမ်းသင်တန်းဆင်းစစ်ကော်မရှင်တပ်သားတွေဖြစ်ကာ တပ်မ ၇၇ တပ်ဖွဲ့ဝင် ၇ ဦးကတော့ ဇူလိုင်လကတည်းကဖမ်းဆီးရမိထားတာလို့ ဆိုပါတယ်။

” သူတို့က ဒီအတိုင်းပဲစခန်းသိမ်းတိုက်ပွဲမှာ ကြောက်လန့်တကြားထွက်ပြေးလာကြတာ။ သုံ့ပန်းတွေကိုတော့ ကျနော်တို့က ထောင် ပုံစံမျိုးလုပ်ပြီးတော့ သေချာစီမံ ဆောင်ရွက်ကွပ်ကဲထားပါတယ်”လို့ PRA-Magway တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

နတ်ရေကန်တောင်ကြောတလျှောက် တိုက်ပွဲတွေပြင်းထန်နေချိန် ခြေဦးတည့်ရာထွက်ပြေးလာတဲ့ အဲ့ဒီစစ်ကော်မရှင်တပ်သားတွေကို PRA-Magwayတပ်ဖွဲ့ဝင်တွေက ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး စစ်သုံ့ပန်းအားလုံးဟာ စစ်မှုထမ်းသင်တန်းအပတ်စဥ် ၇ နဲ့ ၁၃ ဆင်း တပ်သားတွေဖြစ်ကြတယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်မှာ နတ်ရေကန်စခန်းကုန်းနဲ့ ၂ မိုင်ခန့်အကွာရှိ အင်အား ၁၀၀ ခန့်နဲ့တပ်စွဲထားတဲ့ ဂုတ်ကြီးကျေးရွာကာကင်းစခန်းကို အာရက္ခတပ်တော် – AAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဲ့ဒီစခန်းနဲ့တိုက်ပွဲတွေကနေ စကခ ၁၇ လက်အောက်ခံတပ်သားတွေ အများအပြားထွက်ပြေးနေကြတာပါ။

အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သိမ်းပိုက်ရရှိပြီးနောက် ယခုနှစ်ပိုင်းမှာ အမ်း-ပဒါန်းလမ်းပိုင်း ငဖဲမြို့နယ်အတွင်းအထိ တိုက်ပွဲတွေရောက်ရှိလာခဲ့ပြီး ယခင်နတ်ရေကန်တောင်တိုက်ပွဲတွေဖြစ်တဲ့ ကံမြင်းကန်၊ ဂုတ်စည်းရိုး၊ တာဝါတိုင်စခန်းသိမ်းတိုက်ပွဲတွေမှာလည်း ထွက်ပြေးစစ်ကော်မရှင်တပ်သားတွေကို ငဖဲ အခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့တွေက အများအပြားဖမ်းမိခဲ့တာပါ။

စက်တင်ဘာလကုန်ပိုင်း ဂုတ်ကြီးစခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသူတွေများတာကြောင့် စစ်ကော်မရှင်တပ်က လိုက်လံရှာဖွေခဲ့ပေမယ့် ရှာတဲ့တပ်ဖွဲ့တွေပါ အဆက်အသွယ်ပြတ်တောက်နေကြောင်း ဖမ်းဆီးရမိစစ်သုံ့ပန်းတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဂုတ်ကြီးစခန်းကို သိမ်းပိုက်ခံရပြီးနောက် အောက်တိုဘာ ၁ ရက်နဲ့ ၂ ရက်မှာ အဓိကပင်မစခန်းကြီးဖြစ်တဲ့ ကမ္ဘာလုံးစခန်းအနီး တိုက်ပွဲတွေပြင်းထန်နေတာကြောင့် စစ်ကော်မရှင်တပ်က စခန်းနဲ့အနီးတဝိုက်ကို တိုက်လေယာဥ်တွေနဲ့ ပစ်ကူပေး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၄ ရက်ကလည်း ငဖဲမြို့အခြေစိုက် အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၄) က ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦး မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းဆီ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။