တန့်ဆည်၊ ကံထူးမရွာ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၁ ဦးအထိရှိလာ

0 2
0 2

တန့်ဆည်၊ စက်တင်ဘာ ၂၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၃ ဦးထပ်တိုးလာပြီးစုစုပေါင်း ၁၁ ဦးအထိရှိလာပြီး ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ဒဏ်ရာရထားသူတွေလည်းရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကံထူးမရွာက ‘နိုဘယ်ဝမ်း’ ဆီပန့်ဆိုင်နဲ့ ‘ဇွဲထက်’ အအေးဆိုင်အနီး လူစည်ကားတဲ့ နေရာကို စက်တင်ဘာ ၂၆ ရက် မနေ့ကနေ့လယ် ၁၁ နာရီခွဲမှာ စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

လေကြောင်းတိုက်ခံရမှုမှာ ကနဦး အသက်၂၀ အရွယ် ဆီဆိုင်ပိုင်ရှင်ရဲ့သမီး ကိုယ်ဝန်သည် မစံထိပ်ထားဝေ၊ ကုန်စိမ်းရောင်းသူ ၂၁ နှစ်အရွယ် မမိထက်၊ ၂၇ နှစ်အရွယ်ကိုသက်အောင်၊ ပန်းရံလုပ်ကိုင်နေတဲ့ အသက် ၄၃ နှစ် ကိုဖိုးထွန်း၊ အသက် ၂၀ ကျော်အရွယ် ကိုတူးနိုင်၊ ထထူး၊ နေအောင်၊ စိုးကို တို့ သေဆုံးခဲ့ပါတယ်။

“ညနေပိုင်း ထပ်ရှာတော့ ဆီဆိုင်ပိုင်ရှင် ကိုပြူးစိန်ကို ရှာမတွေ့တော့ဘူး။ သေဆုံးတဲ့အထဲပါသွားတယ်လို့ ယူဆရတယ်။ ဆောက်လက်စနှစ်ထပ်တိုက်ပိုင်ရှင်ပါ”လို့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် မနေ့ညနေပိုင်းမှာဆေးကုသမှုခံယူနေတဲ့ ကိုအောင်ကိုဝင်း၊ စက်တင်ဘာ ၂၇ ရက် ဒီနေ့မနက်ပိုင်းမှာ ကိုကျော်ကိုလင်း သေဆုံးခဲ့ပြီး ပျောက်ဆုံးနေတဲ့ကိုပြူးစိန်ဆိုသူကိုလည်း သေဆုံးပြီလို့ ယူဆထားတယ်လို့ ဆိုပါတယ်။

“ကိုအောင်ကိုဝင်းက ဈေးလာဝယ်တဲ့သူ ကားဖြတ်မောင်းတဲ့အချိန် အချခံလိုက်တာ မနေ့ညနေက ဆုံးတာ။ ကိုကျော်ကိုလင်းက ချောင်းဆုံရွာက ဒီဘက်ရောက်နေတဲ့အချိန်နဲ့ တွေ့သွားတာ”လို့ မြို့နယ်ပလဖတာဝန်ခံက ပြောပါတယ်။

ကနဦးသေဆုံးသူတွေဟာ ရုပ်အလောင်း ၅ လောင်းသာရခဲ့ပြီး ကျန်တဲ့သူတွေဟာ အပိုင်းပိုင်းပြတ်နေတဲ့ ခန္ဓာကိုယ်တွေကို လိုက်လံကောက်ယူခဲ့ရတာလို့ သိရပါတယ်။

စစ်ကော်မရှင်က ရွေးကောက်ပွဲ‌ကြေညာပြီးနောက် စစ်ကိုင်းနဲ့မကွေးတိုင်းအပါ တိုင်းနဲ့ပြည်နယ်အများစုက ပြည်သူတွေရှိတဲ့နေရာတွေကို ဆက်တိုက်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လျှက်ရှိနေတာလည်း ဖြစ်ပါတယ်။

သတင်း – မြတ်

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။