ပခုက္ကူမှာ မြစ်ကမ်းပါးပြိုကျလို့ ရွာ ၄ ရွာကနေအိမ်တွေဖျက်ပြီးပြောင်းရွှေ့နေရ

0 7
0 7

ပခုက္ကူ၊ စက်တင်ဘာ ၂၆၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းမှာ မြစ်ရေတက်ပြီးဧရာဝတီမြစ်ကမ်းပါးပြိုကျနေတာကြောင့် ကျေးရွာ ၄ ရွာက နေအိမ်တွေဖျက်ပြီးရွှေ့ပြောင်းနေရတယ်လို့ ရွာခံတွေဆီကသိရပါတယ်။

စက်တင်ဘာ ၂၀ ရက်ကစလို့ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ကမ်းပါးတွေကိုဆက်တိုက် တိုက်စားလာပြီးပြိုကျလာတာကြောင့် ကမ်းနံဘေးမှာရှိတဲ့ကျေးရွာတွေက နေအိမ်တွေ ရွှေ့ပြောင်းနေကြရတာလို့ဆိုပါတယ်။

“ပြောင်းပြီးသွားတာက ကျနော်တို့ မြင်းကျွန်းတရွာလုံး ပြောင်းပြီးသွားပြီး။ အခုလက်ရှိက သိမ်ကုန်း၊ မရိုးကုန်းကပြိုနေတယ်။ ဘုန်းကြီးကျောင်းတွေဖျက်ပြီးသွားပြီး အိမ်တွေလည်းဖျက်နေကြတယ်။ ကျွန်းညိုကြီးကလည်း ကမ်းပါးကိုကပ်နေပြီး။ “လို့ မြင်းကျွန်းရွာခံတဦးကပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်ကစပြီး စက်တင်ဘာ ၂၅ ရက်အထိမှာ သိမ်ကုန်းက နေအိမ်နဲ့ ဘုန်းကြီးကျောင်း ၁၀ လုံး၊ မရိုးကုန်းက ၇ လုံး၊ လယ်ယာစုက နေအိမ် ၈ လုံး၊ ရှားတောရွာက နေအိမ် ၁၀ လုံးဖျက်ပြီး ရွှေ့ပြောင်းထားရပြီလို့ သိရပါတယ်။

လက်ရှိမှာ ကမ်းပါးကနေ့စဥ်ဆက်တိုက်ပြိုနေတာကြောင့် အိမ်ခြေ ၄၀ ကနေ ၁၅၀ ကျော်ထိရှိကြတဲ့ သိမ်ကုန်း၊ မရိုးကုန်း၊ လယ်ယာစု၊ ရှားတောရွာတွေက နေအိမ်တွေအားလုံးနီးပါး ပြောင်းရွှေ့ရမယ့် အခြေအနေရှိနေတယ်လို့ မြင်းကျွန်းရွာခံတဦးက ပြောပါတယ်။

ဒါ့အပြင် အထက်ပါကျေးရွာတွေအနီးက ကျွန်းညိုကြီးကျေးရွာမှာလည်း ရွာအနီးလူနေအိမ်တွေနဲ့ ပေ ၁၀၀ ခန့်အကွာထိ ကမ်းပါးပြိုလာနေတာကြောင့် လတ်တလောမပြောင်းကြရသေးပေမယ့် စိုးရိမ်ရတဲ့ အခြေနေမှာရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပြောင်းရွှေ့နေရတဲ့ကျေးရွာ ၄ ရွာကဒေသခံတွေက နီးစပ်ရာနေရာတွေမှာ နေထိုင်နေကြပြီး ကူညီကယ်ဆယ်ရေးအတွက် လာရောက်တာတွေမရှိသေးဘူးလို့ သိရပါတယ်။

ကမ်းပါးတွေပြိုကျရာမှာ ကျေးရွာတွေအနီးက လယ်မြေဧက ၇၀၀ ကျော်လောက်ပြိုကျတဲ့အထဲ ပါသွားတာကြောင့် တောင်သူတွေမှာလည်း စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အခက်ကြုံနေရပါတယ်။

“လက်ရှိက အိမ်ရွှေ့ရတဲ့ စရိတ်တွေနဲ့နိုင်ငံရေးအခြေအနေကမကောင်းတော့ အလုပ်ဝင်ငွေ ဆိုတာကလည်း ပေါ်ရာလုပ်ငန်းလိုက်လုပ်ရတော့ ဝင်ငွေကောင်းကောင်းမွန်မွန်မရှိဘူးလေ။ အိမ်ရွှေ့စရိတ်တွေ ဝိုင်းဝယ်ရတဲ့စရိတ်တွေ မနည်းဘူးရုန်းကန်နေရတယ်။ နည်းနည်းတော့ ကြပ်တည်းတာပေါ့”လို့ အထက်ပါ မြင်းကျွန်းရွာခံက ဆက်ပြောပါတယ်။

အဆိုပါ ကျေးရွာတွေက ဒေသခံတွေဟာ ငွေကြေးပြည့်စုံသူနည်းပြီး သာမန်လက်လုပ်လက်စားတွေ များကာ တောင်သူလုပ်ငန်း၊ လက်သမား၊ တောင်သူအဌားလိုက်လုပ်ငန်းတွေနဲ့ အသက်မွေးကြသူတွေ များတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာလည်း ကမ်းပါးပြိုလို့ မြင်းကျွန်းကျေးရွာက နေအိမ် ၁၂၇ လုံး ရွာလုံးကျွတ်ဖျက်ပြီး မူလရွာနဲ့ ၃ မိုင်ကျော်လောက်ဝေးတဲ့နေရာမှာ ရွာပြန်တည်ပြီး နေထိုင်နေကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် နေအိမ်ရွှေ့ပြောင်းရသူတွေထဲမှာ နီးစပ်ရာလယ်ယာမြေပိုင်ရှင်တွေထံကနေ မြေတကွက်စာ ၄၀×၆၀ ကို ကျပ် ၁၆ သိန်းပေးဝယ်ပြီး နေအိမ်ပြန်ဆောက်နေကြသူတွေလည်းရှိတယ်လို့ သိရပါတယ်။

အဆိုပါ နေအိမ်တွေရွှေ့ပြောင်းရသူတွေကိုတော့ စစ်ကော်မရှင်လက်အောက်ခံ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့တွေက ၁ အိမ်ထောင် ကျပ် ၁ သိန်း၊ ပစ္စည်း အနည်းငယ်ထောက်ပံ့ပေးခဲ့တာရှိတယ်လို့ ဆိုပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။