◼ စစ်ရေးတင်းမာနေဆဲဖြစ်လို့ ပိတ်မိနေတဲ့ပြည်သူတွေကို PDF တွေ ကယ်ထုတ်
မြေလတ်အသံ၊ စက်တင်ဘာ ၂၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို KIAနဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် SNA နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေက မြို့အနီးမှာ ခံစစ်ပြန်ပြင်ဆင်နေတာကြောင့် စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဗန်းမောက်မြို့တွင်းရှိ SNAနဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်အင်အား ၅၀၀ ခန့်ဟာ မြို့ကနေ စက်တင်ဘာ ၁၉ ရက်ည ၉ နာရီကျော်မှာ ဆုတ်ခွာထွက်ပြေးသွားခဲ့တာကြောင့် စက်တင်ဘာ ၂၀ ရက် ယမန်နေ့ မနက် ၆ နာရီကျော်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက အလုံးစုံထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
” သူတို့(SNA+စကမ)က ဆုတ်ပစ် ပစ်ပြီး မြို့ရဲ့အနောက်ဘက်အကျော်မှာ ခံစစ်ပြန်ပြင်ပြီး နေနေပါတယ်။ အဲ့လိုဆိုတော့ အခြေအနေအသေးစိတ်ကတော့ သိဖို့ခဲယဉ်းပါသေးတယ်”လို့ မြေပြင်တပ်ဖွဲ့ဝင်တွေနဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဗန်းမောက်မြို့က စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်းနဲ့ ဗန်းမောက်မြို့ဟာ KIA၊ PDFတွေလက်အောက်ကျရောက်သွားပြီဖြစ်ကာ SNA နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့ဝင်တွေ မြို့ကနေ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ရေးသားထားကြပါတယ်။
ဗန်းမောက်မြို့ကနေဆုတ်ခွာသွားတဲ့ SNAနဲ့ စစ်ကော်မရှင်တပ်ပူးပေါင်းတပ်တွေဟာ မြို့အနောက်မြောက်ဘက် ၂ မိုင်ကျော်အကွာရှိ စစ်ကော်မရှင်လက်အောက် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသင်တန်းကျောင်း(နတလကျောင်း) မှာ အင်အားအများအပြားစုစည်းကာ ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်နေလို့ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
” ရှမ်းနီတွေကတော့ မြို့ကနေဆုတ်ခွာသွားတာ မှန်တယ်။ ဒါပေမယ့် မြို့ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့ သူတို့ရဲ့ကျောင်း အဲ့မှာ သူတို့ကိုစုဖွဲ့တာတွေလုပ်နေတယ်။ ပြန်တိုက်ဖို့ လုပ်နေတယ်ပေါ့လေ။ အဲဒါဆိုတိုက်ပွဲတွေက ဆက်ရှိနေနိုင်တယ်။ တိုက်ပွဲကမပြီးသေးဘူး” လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ PD F တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဗန်းမောက်မြို့နဲ့အနီးတဝိုက်မှာ စစ်ရေးအခြေအနေတွေ ဆက်လက်တင်းမာနေပြီး တိုက်ပွဲတွေဆက်ဖြစ်လာနိုင်တာကြောင့် တိုက်ပွဲကာလမြို့အတွင်း ပိတ်မိနေတဲ့ပြည်သူတွေအနက် ရာနဲ့ချီတဲ့ပြည်သူတွေကို ဘေးလွတ်ရာကိုကယ်ထုတ်ပေးထားနိုင်ပြီး စက်တင်ဘာ ၂၁ ရက် ဒီကနေ့မနက်ပိုင်းမှာလည်း ကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ နောက်ထပ်တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဗန်းမောက်မြို့ကို စက်တင်ဘာ ၁၅ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၆ ရက်အကြာမှာ မြို့ကို အလုံးစုံသိမ်းပိုက်ထိန်း ချုပ်နိုင်ခဲ့တာဖြစ်ကာ စစ်ကိုင်းတိုင်းအတွင်း ၇ ခုမြောက် သိမ်းပိုက်ထိန်းချုပ်နိုင်တဲ့မြို့လည်း ဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ