ဝန်ကြီးဌာနနဲ့ဝန်ထမ်းတွေရဲ့အချက်အလက်တွေကျိုးပေါက်နေမှုဟာ နိုင်ငံတော်အဆင့် လုံခြုံရေးထိခိုက်စေနိုင်တယ်လို့ စစ်ခေါင်းဆောင် ပြော

0 17
0 17

မြေလတ်အသံ၊ စက်တင်ဘာ ၁၃၊ ၂၀၂၅။

ဝန်ကြီးဌာနနဲ့ ဝန်ထမ်းတွေရဲ့အချက်အလက်တွေ ဆိုရှယ်မီဒီယာပေါ်ပေါက်ကြားနေမှုဟာ နိုင်ငံတော်အဆင့်လုံခြုံရေးထိခိုက်စေနိုင်လို့ ထိထိရောက်ရောက်ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၁၂ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကော်မရှင်အစည်းအဝေးမှာ စစ်ကော်မရှင်လက်အောက်ဝန်ကြီးဌာနတွေနဲ့ ဝန်ထမ်းတွေရဲ့အချက်အလက်တွေ လူမှုကွန်ယက်ပေါ်ကို ကျိုးပေါက်နေမှုနဲ့ပတ်သက်ပြီး သူ့ရဲ့လက်အောက်ဌာနဆိုင်ရာဝန်ကြီးတွေကို အခုလို သတိပေးပြောဆိုခဲ့တာပါ။

” ဝန်ကြီးဌာနများရဲ့အချက်အလက်များ ဝန်ထမ်းများရဲ့အချက်အလက်များဟာ ဆိုရှယ်မီဒီယာများ အသုံးပြုမှုမှတဆင့် လုံခြုံရေးကျိုးပေါက်လျက်ရှိတာကို တွေ့ရှိရကြောင်း လုံခြုံရေးဆိုင်ရာအချက်အလက်များ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များဟာ တိုက်ရိုက်ကျိုးပေါက်ခြင်း သွယ်ဝိုက်၍ ကျိုးပေါက်ခြင်းများဖြင့် တဦးတယောက်ချင်း ထိခိုက်ခြင်း၊ ဌာနအလိုက်ထိခိုက်ခြင်း၊ ထိုမှတဆင့် နိုင်ငံတော်အဆင့်ထိခိုက်ခြင်းများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ လုံခြုံရေးပိုင်းဆိုင်ရာအရ အသိပညာပေးရန်နဲ့ ထိထိရောက်ရောက်ကြပ်မတ်ခြင်းများဆောင်ရွက်သွားရန်လိုကြောင်း” ဆိုကာ စစ်ခေါင်းဆောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နဲ့ဩဂုတ်လတွေမှာ စစ်ကော်မရှင်လက်အောက် ကာကွယ်ရေး၊ ပြည်ထဲရေးဝန်ကြီးဌာနတွေအပါအဝင် ဝန်ကြီးဌာနအများအပြားရဲ့ဌာနဆိုင်ရာအချက်အလက်တွေ၊ အဲ့ဒီဝန်ကြီးဌာနတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကော်မရှင်လက်အောက်ထောင်နဲ့ချီတဲ့ဝန်ထမ်းတွေရဲ့ပုဂ္ဂိုလ်ရေး ဆိုင်ရာအချက် အလက်တွေ လူမှုကွန်ယက်ကို ပေါက်ကြားလာခဲ့တာပါ။

အဲ့ဒီဌာနဆိုင်ရာအချက်အလက်တွေမှာ စစ်ကော်မရှင်လက်အောက်ဌာနအလိုက်တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေရဲ့ ဓာတ်ပုံ၊ အမည်၊ မှတ်ပုံတင်အမှတ်၊ မွေးသက္ကရာဇ်စတဲ့ ကိုယ်ရေးအချက်အလက်တွေ ပါဝင်နေတာကြောင့် Non-CDM ဝန်ထမ်းတွေအကြား ဝေဖန်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။