လက်ဖက်ရည်ဆိုင်က အကြော်ဆရာ ၂ ဦးစကားများရာမှ ဓားထိုးမှုဖြစ်ပြီး ၁ ဦးသေဆုံး

0 15
0 15

မိတ္ထီလာ၊ စက်တင်ဘာ ၁၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ရတနာမာန်အောင်ရပ်ကွက်၊ နယ်မြေ ၅ ရှိ လက်ဖက်ရည်ဆိုင်မှာ မုန့်အကြော်ဆရာ ၂ ဦး စကားများရန်ဖြစ်ရာက ဓားထိုးမှုဖြစ်ပြီး ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့လယ် ၂ နာရီခန့်မှာ မိဘမေတ္တာလက်ဖက်ရည်ဆိုင်မှာ မုန့်လုပ်သူ အသက် ၁၇ နှစ်အရွယ် မောင်ထွေး (ခ) ပျော်ဘွယ်နဲ့ အသက် ၃၇ နှစ်အရွယ် မောင်လင်း(ခ)အလီ တို့ စကားများရန်ဖြစ်ပြီး မောင်ထွေးကို အလီက ကြက်သွန်လှီးတဲ့ဓားနဲ့ထိုးခဲ့တာလို့ဆိုပါတယ်။

“ဆိုင်ဝန်ထမ်းအချင်းချင်းဖြစ်ကြတာ။ အလုပ်လုပ်ရင်းနဲ့စကားများကြတာ။ ဖြစ်စဥ်အစဆုံးကတော့ ကျနော်တို့လည်း ဖြစ်ပြီးမှရောက်တော့ သေချာမသိရဘူး။ သူတို့အချင်းချင်း မုန့်ဗန်းလုရင်း ဖြစ်ကြတာလို့တော့ သိရတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

ဓားထိုးမှုဖြစ်တာကြောင့် မောင်ထွေး(ခ)ပျော်ဘွယ်မှာ ဝဲပုခုံးညှပ်ရိုးကြားထိုးသွင်းဒဏ်ရာ၊ ယာဘက် ရင်အုံပွန်းခြစ်ဒဏ်ရာ‌တွေရရှိခဲ့ပြီး မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ရာ ဆေးရုံအရောက်မှာ သေဆုံးသွားတာလို့ ဆိုပါတယ်။

ဓားနဲ့ထိုးသူ မောင်လင်း(ခ)အလီကိုတော့ ရဲကဖမ်းဆီးပြီး မိတ္ထီလာ မြို့မရဲစခန်းမှာချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။