ဘုတလင်၊ ဩဂုတ်၂၇၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အနောက်ဇီးတောကြီးရွာကို စစ်ကော်မရှင်စစ်ကြောင်းဝင်ရောက်ကာ နေအိမ်တွေကပစ္စည်းတွေယူဆောင်ပြီးနောက် မီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ ဩဂုတ် ၂၇ ရက် ဒီကနေမနက် ၆ နာရီခန့်ကထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဟာ မနက် ၇ နာရီခွဲလောက်မှာ အနောက်ဇီးတောကြီးရွာကို ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။


“ ပစ်ဖောက် ခြိမ်းခြောက်ပြီးဝင်လာတာပါ၊ ပစ္စည်းလုချင်လို့ ပြေးအောင် ခြောက်တဲ့သဘောဗျ။ အိမ်တွေမွှေနှောက်ပြီး တန်ဖိုးကြီးပစ္စည်း ရှာဖွေလုယက်ပြီး အိမ်တွေမီးရှို့တာ” လို့ ဘုတလင်မြို့နယ်ပအဖအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
အနောက်ဇီးတောကြီးရွာဟာ ဘုတလင်မြို့နယ်အတွင်းမှာ ရှိတာဖြစ်ပေမယ့် မုံရွာ နမခ နဲ့ ၃ မိုင်ခန့်သာကွာဝေးတာကြောင့် တန်ဖိုးကြီး လက်ဝတ်ရတနာတွေကိုတောင် မယူဆောင်နိုင်ဘဲ ကိုယ်လွတ်ရုန်းပြေးခဲ့ရတာလို့ ရွာခံအမျိုးသားတဦးကလည်း ပြောပါတယ်။
“အနောက်ဇီးတောနဲ့ နမခ က ၃ မိုင်လောက်ပဲ ဝေးတာ၊ မုံရွာမြို့အဝင် ဆိုင်းဘုတ်ကျော်ရင် အနောက်ဇီးတော ရောက်ပြီလေ၊ အဲဒီတော့ ခဏခဏခံရတယ်၊ တချို့လည်း မနေကြတော့တာ နှစ်ချီကြာပြီ။ ပြေးတော့ ကျန်ခဲ့တဲ့ လက်ဝတ်လက်စားနဲ့ ပိုက်ဆံတွေ မွှေနှောက်ရှာယူကြတာ၊ ပြီးမှ မီးရှို့တာ၊ သူတို့ ထုံးစံအတိုင်း။ သေနတ်ဖောက်တော့ အသက်လုပြေးရတာလေ၊ ပြီးမှ ဘယ်သူဘာပါသွားလဲဆိုတာ ပေါ်(သိရ)တာ” လို့ သူက ပြောပါတယ်။

အနောက်ဇီးတောကြီးရွာ ကျေးရွာနေအိမ်တွေဟာ ဒီကနေ့မနက် ၁၀ နာရီ အထိ ဆက်လက်မီးလောင်နေဆဲဖြစ်ပြီး လက်ရှိအထိ ကျေးရွာအတွင်းစစ်ကြောင်းရှိနေသေးတာကြောင့် နေအိမ်တွင်းပစ္စည်းတွေပျောက်ဆုံးတာနဲ့ မီးလောင်တဲ့အခြေအနေတွေကို မသိရသေးဘူးလို့ ဆိုပါတယ် ။

ဘုတလင်မြို့နယ်၊ အနောက်ဇီးတောကြီးရွာဟာ နမခအနီးမှာရှိတာကြောင့် ယခင်ကတည်းက စစ်ဘေးကြိုတင်ရှောင်နေကြသူတွေရှိပြီး ၂၀၂၄ အတွင်းမှာ စစ်တပ်က ၂ ကြိမ် မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၄၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ဩဂုတ် ၂၆ ရက် ယမန်နေ့ညနေပိုင်းကလည်း မုံရွာ နမခကတက်လာတဲ့ ပါရာမော်တာ၊ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် သခွတ္တနယ်ရွာက ပြည်သူ ၃ ဦး အသက်ဆုံးပါးခဲ့ရပါသေးတယ်။
စာတည်း – ဟိန်းစံ