ကန့်ဘလူ၊ ဩဂုတ် ၂၄၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ဒေသခံ ၇,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ကန့်ဘလူမြို့နယ်ပကဖ သတင်းတာဝန်ခံဆီက သိရပါတယ်။
ဩဂုတ် ၂၃ ရက်မနက် ၇ နာရီခန့်မှာ ယမနေကျေးရွာဘက်ကနေ အင်အား ၂၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ ဘူကုန်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပြီးနောက် ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတွေဘက်ကို ဆက်လက်စစ်ကြောင်း ထိုးနေတာလို့ ဆိုပါတယ်။
“ကျနော်တို့ဘက်ကတော့ ထိခိုက်မရှိဘူး။ သူတို့ဘက်က ၁ ယောက်ထိတယ်။ သေလား မသေလားတော့ မသိရဘူး။ အခုက ကျီကျင်းနဲ့ ရေကြည်ဦးရွာမှာ တပ်စွဲထားတယ်”လို့ ကန့်ဘလူမြို့နယ်ပကဖ သတင်းတာဝန်ခံကပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးနေလို့ အိမ်ခြေ ၄၀၀ ကျော်လောက်ရှိတဲ့ ရေကြည်ဦး၊ စကျင်၊ ကျီကျင်း၊ ဘူကုန်း၊ မလယ်ရွာတွေက ဒေသခံ ၇,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။
“အဲ့စစ်ကြောင်းက သရက်တာ၊ အင်္ဂါဒေါင့်ကို မီးရှို့ပြီးထွက်လာတဲ့စစ်ကြောင်း၊ ယမနေက နေစုဖွဲ့မှုလုပ်ပြီးမှ ကားလမ်းတကြောက စိုးမိုးမှုရအောင်နေရာယူလိုက်တဲ့သဘောပဲ။ ကျနော်တို့ စိုးမိုးထားတဲ့ ရွာတွေကတော့ ဆုတ်ပေးရတယ်။ ပြည်သူတွေက စစ်ရှောင်ရတယ်။ “လို့ အထက်ပါ သတင်းတာဝန်ခံက ဆက်ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ကျီကျင်းနဲ့ ရေကြည်ဦးရွာတွေမှာ တပ်စွဲပြီး နေအိမ်တွေကိုမီးရှို့နေပြီး စစ်ကြောင်းက ဩဂုတ် ၂၄ ရက် ဒီနေ့လယ်ပိုင်းထိရှိနေသေးတာကြောင့် ပျက်စီးဆုံးရှုံးမှုကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။
စစ်ကြောင်းဝင်နေလို့ ဒေသကာကွယ်ရေးအဖွဲ့တွေ စစ်ဆေးရေးလုပ်နေတဲ့ ရေကြည်ဦးဂိတ်၊ မလယ်ဂိတ်တွေကိုလည်း စစ်ဆေးမှုမလုပ်နိုင်ဘဲ ယာယီရပ်ထားရတယ်လို့ သိရပါတယ်။
ဩဂုတ် ၁၅ ရက်ကစတင်ပြီး ငါတို့ကျေးရွာကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းဟာ ဩဂုတ် ၁၇ ရက်နဲ့ ၁၈ ရက်မှာ ကိုင်ရိုး၊ သရက်တာ၊ အင်္ဂါဒေါင့် ကျေးရွာတွေကို ၂ ရက်ဆက်မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၁၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတွေလည်းထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။
စာတည်း – လင်း