myaelatt athan

Sharing Information to the Local

PDF တွေဝင်လာမယ့်သတင်းကြောင့် ဝေါဒေသခံတွေကို စစ်အုပ်စုက ဖိအားပေးကင်းစောင့်ခိုင်း

ဝေါ၊ မတ် ၁၈၊ ၂၀၂၃။

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းက ကျေးရွာတွေမှာ မတ်လ ဒုတိယအပတ်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ဒေသခံတွေကို ဖိအားပေးကင်းစောင့်ခိုင်းနေတယ်လို့ သိရပါတယ်။

ဝေါမြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းတလျှောက်ဒေသတွေကို KNLA နဲ့ PDFတွေ ဝင်လာရောက်လာမယ်လို့ ဒေသတွင်း သတင်းတွေထွက်ပေါ်နေပြီး အဲ့ဒီသတင်းတွေကြောင့် စစ်ကောင်စီတပ်က ကျေးရွာတွေကို ကာကွယ်ရမယ်လို့ဆိုကာ ဒေသခံတွေကို အတင်းအကျပ်ဖိအားပေး ကင်းစောင့်ခိုင်းနေတာလို့ ဝေါပကဖတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

“အဓိက ရွာကြီးတွေမှာ စောင့်ခိုင်းတယ်။ ပျူတွေနဲ့တွဲပြီး ကင်းစောင့်ခိုင်းတာ။ အိမ်တိုင်းမစောင့်မနေရဘဲ။ ကိုယ့်အလှည့်ကျလို့ မစောင့်နိုင်ရင် ပိုက်ဆံပေးရတယ်။ ကင်းကြေးသဘောမျိုး ပိုက်ဆံ ၁ သောင်း တောင်းတယ်။ ရွာဝင်ရွာထွက်နေရာတွေမှာ စောင့်ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဖိအားပေး ကင်းစောင့်စေခိုင်းမှုတွေကို ဝေါမြို့ပေါ်ရပ်ကွက်တွေ အပါအဝင် ညောင်ကိုင်း၊ ကတွတ်၊ မြစ်ကျိုး၊ ရှမ်းကိုင်း၊ ဘုရားပျို၊ သူရဲသမိန်၊ လက်ပံစတဲ့ ကျေးရွာကြီးတွေမှာ အဓိကထား လုပ်ဆောင်ခိုင်းနေတာလို့ သိရပါတယ်။

ကျေးရွာဒေသခံတွေဟာ စစ်ကောင်စီတပ် လက်နက်တပ်ဆင်ပေးထားတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ စစ်တပ်ပြည်သူ့စစ်ခေါ် ပျူစောထီးအဖွဲ့နဲ့အတူ ပူးတွဲကင်းစောင့်နေရတာဖြစ်ပြီး ရွာသားတွေကိုတော့ လက်နက်တပ်ဆင်ပေးထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ဖိအားပေးမှုကြောင့် ကင်းစောင့်နေရတဲ့ ဒေသခံရွာသားတွေကို စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူခေါင်းဆောင်တွေက ညပိုင်းတွေမှာ ကင်းစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဝေါမြို့နယ်ဟာ KNU တပ်မဟာ ၁၊ တပ်မဟာ ၃ နယ်မြေတွေနဲ့ နယ်မြေထိစပ်နေတာ ဖြစ်ကာ အဲ့ဒီ တပ်မဟာနယ်မြေတွေထဲမှာလည်း KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏတိုက်ခိုက်ခံနေရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။