ပိုက်ဆံအိတ်လုသွားသူတွေကို လိုက်ဖမ်းတဲ့အမျိုးသမီး ၂ ဦး ကားကိုဝင်တိုက်မိ

0 5
0 5

ပြင်ဦးလွင်၊ ဖေဖော်ဝါရီ ၂‌၇၊ ၂၀၂၃။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၆၊ သစ်တောလမ်းနဲ့ သိင်္ဂါလမ်းထောင့် တရုတ်ဘုံကျောင်းအနီးမှာ ဖေဖော်ဝါရီလ ၂၆ ရက် မနေ့ညနေ ၄ နာရီဝန်းကျင်က ဆိုင်ကယ်နဲ့ ကားနဲ့တိုက်မိပြီး ဆိုင်ကယ်စီးအမျိုးသမီး ၂ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအမျိုးသမီး ၂ ဦးဟာ သူတို့ပိုက်ဆံအိတ်ကိုလုယူသွားတဲ့ ဆိုင်ကယ်စီးအမည်မသိလူတွေနောက်ကို လိုက်ဖမ်းရင်း အဲ့ဒီနေရာအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လိုက်ထရပ်ကားကိုဝင်တိုက်မိခဲ့တာလို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ပြင်ဦးလွင်အခြေစိုက်လူမှုကူညီရေးအသင်းတခုရဲ့ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

“အချိန်ကလည်း ညနေတောင် မရှိသေးဘူးဆိုတော့။ သူတို့က စကူးဖီး အော်တိုဂီယာဘီးနဲ့။ စလုခံရတဲ့နေရာက ဘယ်နေရာကနေဖြစ်လာတာလည်းတော့မသိဘူး။ လိုက်တာဆိုတော့လည်း မီအောင်ဆိုပြီး အရှိန်နဲ့ တအားမောင်းလာပုံရတယ်။ အဲ့ဒီတရုတ်ဘုံကျောင်းနားရောက်တော့ ကားနဲ့တိုက်မိတာ” လို့ သူက ပြောပါတယ်။

ကားနဲ့တိုက်မိခဲ့တဲ့ အမျိုးသမီး ၂ ဦးထဲက ၁ ဦးဟာ ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့လို့ ဆေးရုံပို့ ဆောင်ခဲ့ရပြီး စိုးရိမ်ရတဲ့အခြေအနေမျိုးမှာတော့မရှိဘူးလို့ သူကဆက်ပြောပါတယ်။

ဆိုင်ကယ်နဲ့ ပိုက်ဆံအိတ်လုယူသွားတဲ့ အမျိုးသားတွေကိုတော့ ဖမ်းဆီးရမိတာမျိုးမရှိသေးဘဲ လွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။