ဧရာဝတီမြစ်ဘေး ဝက်လက်ကရွာတွေ လေယာဥ်နဲ့ဗုံးကြဲခံရလို့ ပလဖအဖွဲ့ဝင် ၁ ဦးအပါ လူ ၂၀ ကျော် သေဆုံး

0 54
0 54

◼လေကြောင်းရန်ကြောင့် ဒေသခံ ၅,၀၀၀ ခန့် ရွာပြင်ထွက်နေရ

ဝက်လက်၊ ဇူလိုင် ၁၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဧရာဝတီမြစ်နံဘေးရှိ ရှားကွဲရွာ၊ ငါးဘတ်ချောင်းရွာနဲ့ ရေလည်မော်ရွာတွေမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးအပါ ၂၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၁၇ ရက် ယမန်နေ့ ညနေ ၅ နာရီကျော်မှာ စစ်ကောင်စီတပ်သုံး သယ်ယူပို့ဆောင်ရေးလေယာဥ် Y-12 ပေါ်ကနေ ငါးဘတ်ချောင်းကျေးရွာကို ဗုံး ၁၈ လုံး၊ ရေလည်မော်ရွာကို ဗုံး ၅ လုံးခန့်နဲ့ ရှားကွဲရွာကို ဗုံး ၇ လုံး စုစုပေါင်း ဗုံးအလုံး ၃၀ ကျော်ကြဲချသွားခဲ့တာလို့ ဆိုပါတယ်။

” ဆိပ်ကမ်းနေရာနဲ့ ဘုန်းကြီးကျောင်းနေရာတွေ ရှားကွဲမှာထိတာ။ ငါးဘတ်ချောင်းမှာလည်း ဘုန်းကြီးကျောင်းနဲ့ ရွာမြောက်ပိုင်းတွေမှာကျတာ။ ခန့်မှန်းဗုံးအလုံးရေဆို ၃၀ လောက်ရှိမယ်”လို့ ဝက်လက်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီက ဗုံးကြဲခဲ့တဲ့ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေဖြစ်ပွားနေတာမျိုးမရှိပေမယ့် ယမန်နေ့က မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကြောင့် မြစ်ကမ်းဘေးကျေးရွာတွေကို ဗုံးကြဲတာဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောပါတယ်။

လေကြောင်းကနေဗုံးကြဲခဲရလို့ ငါးဘတ်ချောင်းကျေးရွာက အသက် ၁၀ နှစ်အောက်ကလေး ၃ ဦးအပါ ၁၂ ဦး၊ ရှားကွဲရွာကအသက် ၁၂ နှစ်အရွယ် မိန်းကလေး ၁ ဦးအပါ ၉ ဦး၊ ရေလည်မော်ကျေးရွာက အသက် ၂၀ ကျော်အရွယ် မြို့နယ်ပလဖအဖွဲ့ဝင် ဒိုးဒိုး၊ စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့ပြီး အရပ်သားသေဆုံးမှုတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေကို စိစစ်ကောက်ယူနေဆဲလို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာ ၃ ရွာက ဒေသခံပြည်သူ ၃၀ ကျော်ထိခိုက်ဒဏ်ရာရထားပြီး နေအိမ်ပျက်စီးမှု ၂၀ ကျော်ရှိခဲ့ကာ လေကြောင်းအန္တရာယ်ကြောင့် အိမ်ခြေ ၈၀ ကနေ ၄၀၀ ခန့်ရှိ ငါးဘတ်ချောင်း၊ ရှားကွဲ၊ ရေလည်မော်၊ ရေကမိုး၊ ရွာသစ်၊ လှေပိုးဆိပ်၊ သစ်ဆိပ့်၊ ဂူကြီး၊ သရက်ပင်ဆိပ်ကျေးရွာတွေက ဒေသခံ ၅,၀၀၀ ခန့် ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရပြီး ဇူလိုင် ၁၈ ရက် ဒီကနေ့ထိ ရွာထဲပြန်မဝင်ရဲကြသေးဘူးလို့ သိရပါတယ်။

မေ ၁၁ ရက်ကလည်း ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ပြည်သူ ၂ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။