ကန့်ဘလူ၊ ဇွန် ၉၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ပေါင်ရင်းကျေးရွာအနီးရှိ လင်ပန်းဆည်မှာ ကင်းတာဝန်ကျ ပျူစောထီးအဖွဲ့တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
ဇွန် ၇ ရက်မနက် ၆ နာရီကျော်ခန့်မှာ အင်အား ၁၅ ဦးခန့်ရှိနေချိန် ဝင်ရောက်တိုက်ခိုက်ခဲ့ကာ နှစ်ဖက်အပြန်အလှန် ၁၅ မိနစ်ခန့်ပစ်ခတ်ပြီးနောက် ပျူစောထီးအဖွဲ့ဝင်တွေ ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
“နတ်ပေး(ရွာ)ပျူစောထီးတွေ ကင်းစောင့်တာဆိုတော့။ သူတို့ကင်းအချိန်းအပြုမှာ အလစ်အငိုက်တိုက်ခဲ့တဲ့ ပုံစံပါ။ တိုက်ပွဲအချိန်ကတော့ သိပ်မကြာလိုက်ပါဘူး။”လို့ ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
လင်ပန်းဆည်စောင့် ပျုစောထီးအဖွဲ့ဟာ အမှတ် ၆၀၀၆ တင့်ကားတပ်ရဲ့ကာကင်းသဘောမျိုးထုတ်ထားတဲ့အဖွဲ့ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း ပျူစောထီး ၂ ဦးသေဆုံးပြီး G3 သေနတ် ၁ လက်၊ ကျည်ဘောက်နဲ့ကျည်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ကန့်ဘလူ ပကဖ ခရိုင်လှုပ်ရှားအဖွဲ့နဲ့ ညောင်ပေါင်ရင်း ပကဖ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဇွန် ၈ ရက်မှာ အမှတ် ၆၀၀၆ တပ်က စစ်ကောင်စီအင်အား ၈၀ ခန့်ဟာ ကား ၃ စီးနဲ့ထွက်လာပြီး ငါတို့ကျေးရွာမှာ ဝင်ရောက်တပ်စွဲထားကာ အဆိုပါကျေးရွာက ပျူစောထီးအဖွဲ့တွေနဲ့ပေါင်းကာ လင်ပန်းဆည်ဘက်ကို စစ်ကြောင်းထိုးဖို့ပြင်ဆင်နေပြီး ဇွန် ၉ ရက်ဒီမနက်ပိုင်းထိတော့ ငါတို့ရွာကနေထွက်လာတာမရှိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၀ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရခဲ့သလို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – M