ပဲခူး၊ ဇန်နဝါရီ ၂၁၊ ၂၀၂၅။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ BTZM GBK PDF ရဲ့ အပတ်စဉ် ၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၀ ရက် မနက် ၈ နာရီက ပြုလုပ်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူ ကိုတေဇမင်းက ပြောပါတယ်။
အဲ့ဒီသင်တန်းမှာ သင်တန်းသား ၄၀ ဦးနဲ့ သင်တန်းသူ ၁၁ ဦးပါဝင်ပြီး ဒီဇင်ဘာ ၄ ရက်ကနေ ဇန်နဝါရီ ၁၉ ရက်ထိ ၄၅ ရက်ကြာပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသင်တန်းကို နတ်တလင်းမြို့နယ်အခြေစိုက် သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်း တပ်ခွဲ (၃) နတ်စစ်သည်တပ်ဖွဲ့ဆီကို စစ်ကောင်စီအမြောက်တပ်ကနေ CDM ပြုလုပ်ထားတဲ့ တပ်ကြပ်ကြီး ၁ ဦးက တာဝန်ယူသင်ကြားပေးခဲ့တယ်လို့ ပြောပါတယ်။
သင်တန်းဆင်းအကြိုနေ့ညမှာတော့ သင်တန်းသားတပ်ဖွဲ့ဝင်တွေနဲ့ ကလေးငယ်တွေက ကပြ ဖျော်ဖြေခဲ့တယ်လို့ ဆိုပါတယ်။
အပတ်စဉ် ၅ သင်တန်းကိုဖွင့်လှစ်ဖို့လည်းရှိနေပေမယ့် လုံလောက်တဲ့ ရိက္ခာနဲ့ဆေးဝါးရရှိမှု အပေါ်မှာမူတည်တယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲကို BTZM GBK PDF တပ်ဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့တဲ့အပြင် သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း၊ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့က တပ်ခွဲမှူးက တက်ရောက်အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
တည်းဖြတ် – HP