ဝက်လက်၊ မတ် ၅၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ သစ်ဆိမ့်ရွာအနီးမှာ ရက် ၂၀ ကျော်ကြာအထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကော်မရှင်က ရွာထဲကနေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ ကျောက်မြောင်းမြို့အခြေစိုက် ခလရ ၁၂ က စစ်ကော်မရှင်တပ်ဖွဲ့တွေ သစ်ဆိမ့်ရွာကို စစ်ကြောင်းထိုးလာပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေစဖြစ်တာကနေ ယနေ့အထိ ဆက်လက်ဖြစ်ပွားနေတာလို့ သိရပါတယ်။
အဲဒီနောက် သစ်ဆိမ့်ရွာကနေ အနောက်ဘက်ဗျူဟာလမ်းပိုင်းကတဆင့် ရှိမ်းမကားရဲစခန်းအထိ စစ်တပ်ကစစ်ကြောင်းထိုးဖို့ကြိုးစားနေပြီး ရွာရဲ့အနောက်ဘက်က ရေဖြူလမ်းစုံကို ထိန်းချုပ်နိုင်ဖို့ပြင်ဆင်နေတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
” တိုက်ပွဲကတော့ နေ့တိုင်းကျည်ပေါက်နေတယ်။ အဓိက ကရေဖြူလမ်းဆုံပေါ့။ စကမက သူတို့ရလိုက်၊နောက်ဆုတ်လိုက်ရ၊ ကိုယ်ကထိုင်လိုက်ပေါ့။ အဲဒီအခြေအနေဖြစ်တာ လက်ရှိအခြေအနေက။”လို့ ဝက်လက်အခြေစိုက်တော်လှန်ရေးတပ် ခေါင်းဆောင်တဦးက ပြောပါတယ်။
စစ်ကော်မရှင်ဘက်ကလည်း အသေခံဒရုန်း ၅ စီးနဲ့ ဗုံးကြဲတာတွေဆက်တိုက်လုပ် နေသလို ခလရ ၁၂ (ကျောက်မြောင်း)ကနေလည်း လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ပွားရာကျေးရွာတွေအနီးကို ပစ်ခတ်တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မတ်လ ၄ ရက် ယမန်နေ့မနက်ပိုင်းမှာလည်း အထက်ပါစစ်ကော်မရှင်စစ်ကြောင်းက သစ်ဆိမ့်ရွာထဲက နေအိမ်တွေကို မီးရှို့ခဲ့ပြီး မီးလောင်ပျက်စီးဆုံးရှုံးမှုအခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကော်မရှင်တပ်က ဝက်လက်နယ်အရှေ့ခြမ်းကို နယ်မြေစိုးမိုးနိုင်ဖို့ကြိုးစားနေတာပြီး စစ်ကြောင်းထိုးတာတွေပြုလုပ်တာကြောင့် တော်လှန်ရေးတပ်တွေနဲ့မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။
သတင်း – MG