ကျောက်ပန်းတောင်း၊ ဇန်နဝါရီ ၂၃၊ ၂၀၂၆။
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ ပျုစောထီးတွေနဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ လိုက်ပါစီးနင်းလာတဲ့ ကား ၂ စီးကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဇန်နဝါရီ ၂၁ ရက် နေ့လယ် ၁၀ နာရီခွဲမှာ ကျောက်ပန်းတောင်းမြို့နယ်၊ ကြပ်တင်းကန်နဲ့ သစ်ဆက်ပင်ကြားမှာ ပျူစောထီးခေါင်းဆောင် ဌေးလွင်ဦးအပါ စစ်ကော်မရှင်တပ်နဲ့ပျူစောထီး အင်အား ၂၀ ပါ ကား ၂ စီးကို စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
” ကားကတော့ Light truck ၁ စီးနဲ့ အိမ်စီးကား Crown ၁ စီးပါ။ ကားကို သေနတ်မှန်ပြီးတော့ ၃ ဦးလောက်က ကားပေါ်က ပြုတ်ကျတယ်၊ ဌေးလွင်ဦးပါလာတဲ့ ကားကို စောင့်ကြိုတိုက်ခိုက်ခဲ့တာ၊ ပျူစောထီးခေါင်းဆောင် ဌေးလွင်ဦး ဒဏ်ရာရတယ်၊ မျက်မြင် ၈ ကောင်သေတယ်၊ ၁၀ ကောင်က ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတယ်” လို့ Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံက ပြောပါတယ်။
ပစ်ခတ်မှုအတွင်း သေနတ်မှန်ပြီးတော့ ကားပေါ်က လူတွေ မှောက်ကုန်တာကိုတွေ့ရှိခဲ့ရပြီး ၃ ဦးလောက်က ကားပေါ်က ပြုတ်ကျခဲ့ကာ စစ်ကော်မရှင်တပ်က စစ်ကူလာတာကြောင့် လက်နက်တွေမကောက်နိုင်ဘဲ ပြန်ဆုတ်ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
အဲ့ဒီနောက် စစ်ကူလာတဲ့ ကားတွေက ပစ်ခတ်ခံရတဲ့ ကား ၂ စီးကို လာသယ်ပြီး ကျောက်ပန်းတောင်းမြို့ထဲကို ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ညောင်ဦးခရိုင် အမှတ် ၃ တပ်ရင်း၊ ညောင်ဦးခရိုင် အမှတ် ၄ တပ်ရင်း နဲ့ Snipe Rangers Force (Local-PDF) အဖွဲ့တွေက ပူပေါင်းပြီး လုပ်ဆောင်ခဲ့တာပါ။
တည်းဖြတ် – M