31 July 2026 8:41 AM

ခလရ ၂၅၃ ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ဦး(ရုပ်/သံ)

0 4
0 4

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၅။

စစ်ကောင်စီရဲ့ အပတ်စဥ် ၅ စစ်မှုထမ်းသင်တန်းကိုတက်ခဲ့ပြီးနောက် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ခလရ ၂၅၃ ကိုအပို့ခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၂ ဦးဟာ ဇန်နဝါရီ ၂၄ ရက်ညမှာ တပ်တွင်းထဲကနေထွက်ပြေးလာခဲ့ကြပါတယ်။

သူတို့ကတော့ အသက် ၂၅ နှစ်အရွယ် စစ်ကောင်စီတပ်သား ကျော်ရဲလင်းနဲ့ အသက် ၂၂ အရွယ် တပ်သားနေလင်းတို့ ဖြစ်ပါတယ်။

သူတို့ ၂ ဦး ထွက်ပြေးလာရင်း ဇန်နဝါရီ ၂၆ ရက်မှာ စလင်းနယ်အခြေစိုက် ဒေါင်းစစ်အောင် Local PDF တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ခဲ့ပြီးနောက်မှာ ဘက်ပြောင်းခိုလှုံနိုင်ခဲ့ကြတယ်လို့ ဒေါင်းစစ်အောင် Local PDF အဖွဲ့တာဝန်ခံ ကိုထူးလေးက ပြောပါတယ်။

တပ်သားကျော်ရဲလင်းဟာ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ သူဌေးကုန်းရွာဇာတိဖြစ်ပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်ပြီး မိဘကိုလုပ်ကျွေးနေသူပါ။ ၂၀၂၄ ဧပြီမှာ စစ်မှုထမ်းမဲပေါက်တဲ့အတွက် နေအိမ်ကတိမ်းရှောင်ခဲ့ပေမယ့် ၃ လအကြာ ဇူလိုင်လမှာ အိမ်ကိုပြန်လာချိန် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

မအူပင်ထောင်မှာ ထောင် ၁ လကျခဲ့ပြီးနောက် မအူပင် ၂၇ တပ်စုဆောင်းရေးမှာ ၂၅ ရက်ကြာနေခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် စက်တင်ဘာ ၉ ရက်ကစတင်ကာ စစ်သင်တန်း အပတ်စဥ် ၅ ကို နေပြည်တော် မိုးဆွေသင်တန်းရုံးမှာ ၃ လတက်ခဲ့ပြီး ဒီဇင်ဘာလမှာ ခလရ ၂၅၃ တပ်ထဲကို ရောက်ခဲ့တာလို့ တပ်သားကျော်ရဲလင်းက သူကြုံခဲ့ရတဲ့အခြေအနေတွေကို ပြန်ပြောပြပါတယ်။

အလားတူ တပ်သားနေလင်းကလည်း ပဲခူးတိုင်း၊ ပေါင်းတည်းမြို့နယ်ကဖြစ်ပြီး ကားဝပ်ရှော့တခုမှာ အလုပ်လုပ်ကာ မိဘတွေကို လုပ်ကိုင်ကျွေးမွေးနေတယ်လို့ သိရပါတယ်။ ဇူလိုင်လပိုင်းမှာ ပေါင်းတည်မြို့နယ်မှာပဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ အဓမ္မဖမ်းဆီးတာကို ခံခဲ့ရတာပါ။

၁၀ ရက်ဝန်းကျင်ထောင်ကျပြီး ထောင်မှထွက်ပြေးကာ ဧရာဝတီတိုင်းဘက်ကို ထွက်ပြေးခဲ့ပေမယ့် အဲ့ဒီမှာ ပြန်လည်ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်တပ်ထဲကို ပို့လိုက်တာလို့ တပ်သားနေလင်းက ပြောပါတယ်။

အဲဒီကနေ တပ်သားနေလင်းဟာ စက်တင်ဘာ ၉ ရက်ကစပြီး ရန်ကုန်တိုင်း ရဲမွန်အရာရှိသင်တန်းကျောင်းမှာ စစ်သင်တန်းအပတ်စဥ် ၅ ကို တက်ခဲ့ရကာ ဒီဇင်ဘာ ၉ ရက်မှာ စလင်းမြို့ ခလရ ၂၅၃ ကို ပို့ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။

ခလရ ၂၅၃ ကိုရောက်တဲ့အချိန်မှာ မအူပင်က တပ်သားကျော်ရဲလင်းနဲ့တွေ့ဆုံခဲ့ကြပြီး ၂ ဦးသား ထွက်ပြေးဖို့ တိုင်ပင်ကာ ၂၀၂၅ ဇန်နဝါရီ ၂၄ ရက်ညက တပ်ထဲကနေ ထွက်ပြေးလာတယ်လို့ တပ်သားနေလင်းက ဆိုပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ရှိတဲ့ရွာကို သွားနေရင်း လမ်းမှာ ၂ ညအိပ်ကာ စားစရိတ်အတွက် သူတို့မှာပါလာတဲ့ ဖုန်း ၁ လုံးကို ရောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၂၆ ရက်နေ့မှာတော့ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ်ရွာအကျော်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့တွေ့ကာ သူတို့ရဲ့ ဖြစ်စဉ်တွေကို ပြောပြခဲ့တယ်လို့ တပ်သားကျော်ရဲလင်းက ပြောပါတယ်။

စစ်သင်တန်းတက်ခဲ့ချိန်တုန်းကလည်း သင်တန်းတလျှောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလက်နက်ပေးကိုင်တာမျိုးမရှိဘဲ ရွာတွေထဲကိုစစ်ကောင်စီတပ်သားတွေနဲ့အတူ ပတ်ကင်းလိုက်ရတာမျိုးတွေ လုပ်ခဲ့ရတယ်လို့ တပ်သားကျော်ရဲလင်းဆီက သိရပါတယ်။

သူတို့ ၂ ဦးထွက်ပြေးလာချိန်မှာ လက်နက်ခဲယမ်းတွေမပါလာဘဲ လက်ရှိမှာတော့ ၂ ဦးစလုံးကို ဒေါင်းစစ်အောင်တပ်ဖွဲ့ စခန်းမှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဒေါင်းစစ်သည် Local PDF အဖွဲ့တာဝန်ခံ ကိုထူးလေးက ပြောပါတယ်။

စစ်ကောင်စီအောက်ပါသွားကြပေမယ့် သူတို့ဟာ အစကတည်းက တနေ့စစ်ထဲကနေ ထွက်ပြေးမယ်လို့ ၂ ဦးသားက ရည်ရွယ်ချက်ရှိနေကြတာပါ။ တပ်ထဲမှာ ဖိနှိပ်ခံရတာတွေ အရိုက်ခံရတာတွေလည်း ကြုံခဲ့ကြရတယ်လို့ ဆိုကြပါတယ်။ အခုတော့ ကာကွယ်ရေးတပ်ဖွဲ့ထဲကို ဘက်ပြောင်းခိုလှုံနိုင်ကြပြီဖြစ်လို့ အိမ်ကို မပြန်ချင်ကြသေးပဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားဖို့ ဆန္ဒရှိနေကြတာပါ။

ဒေါင်းစစ်အောင် ကာကွယ်ရေးတပ်ဖွဲ့က သူတို့ကို မိသားစုတွေနဲ့လည်း ဆက်သွယ်ခွင့်ပေးထားသလို သူတို့သွားချင်တဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေရှိရင်လည်း ချိတ်ဆက်သွားလာဖို့ ခွင့်ပြုထားတယ်လို့ တာဝန်ခံကိုထူးလေးက ပြောပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းမှာ အခြေစိုက်တဲ့ ဒေါင်းစစ်အောင် Local PDF ဆီကို အလင်းဝင်လာသူ စုစုပေါင်း ၆ ဦးရှိပြီ ဖြစ်ပါတယ်။

သတင်း နှင့် တည်းဖြတ် – ငြိမ်းဇော်

အင်တာဗျူး – ဒိန်းဂျား၏

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။