တောပုရွာကလာတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်လို့ ၃ ဦးသေဆုံး (ရုပ်/သံ)

0 4
0 4

မုံရွာ၊ အောက်တိုဘာ ၂၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာကနေ ဆက်ကြေးကောက်ဖို့လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ပဒေသာမိုင်းနဲ့တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့တယ်လို့ Chindwin Fighter Group-CFG ဆီက သိရပါတယ်။

အောက်တိုဘာ ၂၆ ရက်မနက် ၆ နာရီ ၄၀ မိနစ်မှာ တောပုရွာကထွက်လာတဲ့ အင်အား ၂၀ ပါ စစ်ကော်မရှင်စစ်ကြောင်းကို မုံရွာမြို့နယ်အထွက် မုံရွာမြို့နယ် ချောင်းဦးမြို့နယ်အကြား မုံရွာ-မန္တလေးလမ်းပိုင်း မုံရွေးရွာအနီးမှာ ပဒေသာမိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တောပုရွာကနေ ဆက်ကြေးကောက်ဖို့ အင်အား ၂၀ နဲ့ ထွက်လာကြတာ၊ မုံရွာ မန္တလေးလမ်းမ တနေရာမှာ တိုက်ခိုက်ခဲ့တာ၊ ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ၊ မျက်မြင်ပြည်သူ ၁ ဦးကတော့ သတင်းလှမ်းပို့တယ်၊ ပွဲချင်းပြီးနေရာမှာ ၁ ကောင်သေတယ်၊ မနေ့ညက ကျနော်တို့ ထပ်ကြားရတာက ၂ ကောင်ထပ်သေတယ်”လို့ Chindwin Fighter Group-CFG တာဝန်ခံ ကိုငှက်ခါးက ပြောပါတယ်။

တိုက်ခိုက်ပြီးနောက် နေ့လယ်ပိုင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက တောပုရွာထဲကိုပြန်ဝင်သွားခဲ့ပြီး ဒဏ်ရာရသူတွေကို မုံရွာဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့သိရကြောင်း သူက ဆက်ပြောပါတယ်။

တောပုရွာဟာပျူစောထီးအားကောင်းတဲ့ကျေးရွာဖြစ်ပြီး ၂၀၂၂ ခုနှစ်ကတည်းက စစ်ကော်မရှင်တပ်တွေက ရွာထဲမှာစတင်တပ်စွဲနေထိုင်နေကြကာ တပ်ပြောင်းတပ်ချိန်းတွေလည်းရှိတာကြောင့် ခုတိုက်ခိုက်ခံရတာဟာ ဘယ်တပ်ရင်းကလည်းဆိုတာ မသိရဘူးလို့ ဆိုပါတယ်။

တပ်စွဲနေတဲ့ကာလတလျောက်မှာလည်း တောပုရွာအနီးရှိ မုံရွေးရွာကို စစ်ကြောင်းထိုးတာ၊ မုံရွာ-မန္တလေးလမ်းပိုင်း နေရာတွေမှာ ခရီးသွားပြည်သူတွေကိုငွေတောင်းတာတွေလုပ်လေ့ရှိတယ်လို့ ကိုငှက်ခါးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Chindwin Fighter Group-CFG နဲ့ BRAVE HEART ARMY-BHA -MONWYA DYNAMIDE.STF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်ကလည်း စစ်ကော်မရှင် ရေယာဉ် ၁၅ စီးကို Chindwin Fighter Group-CFG က မုံရွာမြို့နယ်အပိုင် ချင်းတွင်းမြစ်ကြောင်းတနေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

တည်းဖြတ် – HP

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။