သရက်၊ ဩဂုတ် ၁၃၊ ၂၀၂၆။
မကွေးတိုင်း၊ သရက်မြို့နယ်၊ ပုဇဉ်းဒါးကျေးရွာအနီး သရက်-မင်းတုန်း လမ်းပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၉ ဦးသေတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ တာဝန်ရှိသူတွေထံက သိရပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့ နေ့လည် ၁ နာရီခန့်မှာ မင်းတုန်းဘက်ကနေ သရက်ဘက်ကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၅ ဦးပါ စစ်ကော်မရှင်စစ်ကြောင်းကို ကနဦးမိုင်းဆွဲပြီးမှ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“သူတို့က နယ်မြေလမ်းကြောင်းရှင်းဖို့လာတာ။ အရင်မိုင်းဆွဲတယ်။ ပြီးမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်တယ်။ မိနစ် ၃၀ လောက်ပေါ့။ မိုင်းဆွဲတာနဲ့ တိုက်ပွဲအချိန်အတွင်း ကျဆုံးတာကို မျက်မြင်အရ ပြောတာပါ”လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၉ ဦးသေဆုံးပြီး လက်နက်တွေသိမ်းဆည်းရရှိတာမျိုးတော့ မရှိဘူးလို့ ထုတ်ပြန်ထားပြီး၊ မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေမယ့် ဒေသခံ တဦးကတော့ အခုလိုပြောပါတယ်။
“တိုက်ပွဲဖြစ်တဲ့ အသံတော့ ကြားရတယ်။ ထိခိုက်သေဆုံးရှိ မရှိကတော့ အတည်မပြုနိုင်သေးဘူး။ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်”လို့ တိုက်ပွဲဖြစ်ပွါးတဲ့အနီးရှိ ဒေသခံတဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကော်မရှင်ဘက်က အင်အား ၅၀ ခန့်ထပ်ဖြည့်လာပြီး ပုဇဉ်းဒါးကျေးရွာနဲ့ အနီးတဝိုက်မှာ တပ်ဖြန့်ထားပြီး ဒေသခံတွေကတော့ လတ်တလောအခြေနေမှာ ထွက်ပြေးတိမ်းရောင်ရတာမရှိသေးပေမယ့် အခြေနေကို စောင့်ကြည့်နေရတယ်လို့ ပြောပါတယ်။
ဩဂုတ်လ ၁၀ ရက်နေ့က သရက်မြို့နယ်၊ ရေမျက်ကျေးရွာအနီးမှာ ငွေတောင်းထွက်လာတဲ့ ရဲအဖွဲ့တွေ တိုက်ခိုက်ခံရပြီး ၃ ဦးသေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – သရက်ခရိုင်တပ်ရင်း (၄)