ဆင်ဖြူကျွန်း၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၅။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်တံတားထိပ်အနီး ဒီဇင်ဘာ ၂၃ ရက် ဒီကနေ့ မနက်ပိုင်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့မနက် ၆ နာရီလောက်ကစပြီး ဆင်ဖြူကျွန်းမြို့ဘက်အခြမ်း၊ နွယ်တမယ်တံတားထိပ်ရှိ စစ်တပ်ဂိတ်ကို PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်တာကနေ တိုက်ပွဲတွေစတင်ခဲ့ပြီး စစ်တပ်က တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက်ကို Y 12 လေယာဥ်နဲ့ ဗုံးကြဲနေကာ မြို့ပေါ်ရပ်ကွက်တွေကို ကျရောက်ပေါက်ကွဲမှုတွေရှိတယ်လို့ ဆိုပါတယ်။
” တော်လှန်ရေးတပ်ဖွဲ့တွေက ဆင်ဖြူကျွန်းရဲစခန်းရဲ့ ပတ်ချာလည်ကို ဝိုင်းထားတာ၊ စစ်ကော်မရှင်က ပါရာမော်တာနဲ့လည်း ဗုံးပတ်ကြဲနေတာ၊ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး၊ တိုက်ပွဲကအခုထိဖြစ်နေတုန်း” လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက ပြောပါတယ်။
ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက် ည ၁၁ နာရီခန့်မှာလည်း စစ်ကော်မရှင်တပ်ကဆင်ဖြူကျွန်းမြို့နဲ့အနီးတဝိုက်ကျေးရွာတွေကို Y 12 လေယာဥ်နဲ့ ဗုံးအလုံးရေ ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ချောင်းကောက်၊ နတ်စင်၊ ဆုတ်လေဦး၊ ချောင်းဖြူစတဲ့ရွာတွေမှာ ဗုံးသီးတွေကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေနဲ့ စစ်ကော်မရှင်တပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဆင်ဖြူကျွန်းနဲ့အနီးတဝိုက်ကျေးရွာတွေ စစ်ရှောင်နေရပြီး နှစ်ဖက်တပ်တွေနဲ့ အရပ်သားထိခိုက်သေဆုံးမှုအခြေအနေတွေကို မသိရသေးပါဘူး။
လက်ရှိမှာ ဆင်ဖြူကျွန်းမြို့ကို စစ်ကော်မရှင်တပ်က အင်တာနက်လိုင်းတွေဖြတ်တောက်ထားပြီး သတင်းတင်ပြချိန်အထိ ဆင်ဖြူကျွန်းမြို့မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်ကာ နောက်ဆက်တွဲအခြေအနေတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။




























