အင်းတော်၊ ဇူလိုင် ၁၀၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ အင်းတော်မြိုနဲ့ ကသာမြို့အကြား နဘား-ကသာလမ်းပိုင်းမှာ တိုက်ပွဲကြောင့် လမ်းပိတ်တာရက်ကြာလာလို့ ခရီးသွားတွေ အခက်ကြုံနေရပြီး သီးနှံ ကုန်သည်တွေ အရှုံးပေါ်နေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၂၉ ရက်နေ့လောက်ကစတင်ပြီး နဘားလမ်းဆုံနဲ့ စီပိန်းရွာတဝိုက်မှာ တိုက်ပွဲတွေ နေ့စဥ်နီးပါးဖြစ်နေပြီး ဇူလိုင်လ ၁၀ ရက်နေ့အထိ ဖြစ်ပွားနေတာကြောင့် ခရီးသွားကားတွေနဲ့ ကုန်ကားတွေပိတ်နေကြကာ နေထိုင်စားသောက်မှုတွေအခက်ခဲဖြစ်နေကြသလို ပါလာတဲ့ သီးနှံကုန်တွေလည်း ပုတ်ကုန်လို့ စွန့်ပစ်နေရတယ်လို့ ဆိုပါတယ်။

“ပုတ်ကုန်ပြီးလေ ကွမ်းရွက်၊ ခရမ်းချဥ်သီး၊ ကြက်ဥ၊ မုန်လာထုပ်တို့ ပုတ်ကုန် မှန်သမျှက အကုန်လုံး ပုတ်ကုန်ပြီ။ ငရုတ်သီးစိမ်းတွေ သရက်သီး အသီးအနှံတွေအကုန်ပုတ်လို့ စွန့်ပစ်နေရတယ်။ အခက်ခဲတွေအရမ်းဖြစ်နေကြတော့ ဘယ်သူမှ မကူညီနိုင်ကြဘူး”လို့ ကုန်သည်တဦးက ပြောပါတယ်။
အသီးအနှံတွေ ပုတ်ကုန်တာကြောင့် ကုန်သည်တွေမှာ ဆုံးရှုံးနစ်နာမှုတွေများပြီး၊ ဖားကန့်ဘက်မှာလည်း ကုန်ပစ္စည်းပြတ်လပ်ကာ စျေးနှုန်း မြင့်တက်တာတွေရှိတယ်လို့ ဆိုပါတယ်။

နဘား-ကသာလမ်းပိုင်းကို အသုံးပြုပြီး မန္တလေးဘက်ကထွက်တဲ့ သီးနှံတွေနဲ့ကုန်စည်တွေကို ဖားကန့်၊ မြစ်ကြီးနားဘက်ကို တင်ပို့ရောင်းချတာတွေရှိသလို ဖားကန့်-မြစ်ကြီးနားဘက်ကထွက်တဲ့ ကုန်စည်တွေကိုလည်း မန္တလေးဘက်ကို တင်ပို့ရောင်းချ နေကြတာဖြစ်ပါတယ်။
တိုက်ပွဲကြောင့် လမ်းပိတ်နေတာ ၁၂ ရက်ရှိလာပြီဖြစ်လို့ ခရီးသည်တင်ကားနဲ့ ကုန်တင်ကား ၁၀၀၀ ဝန်းကျင်လောက် ပိတ်မိနေသလို ခရီးသွားပြည်သူတွေလည်း ထောင်ချီပိတ်မိနေပြီး စားသောက်စရာတွေနဲ့ သောက်ရေကအစ အခက်ခဲဖြစ်လာနေတယ်လို့ ဆိုပါတယ်။

“အခုတော့ အစားအသောက်တွေကော၊ သောက်သုံးရေကော အကုန်အခက်ခဲကြုံသွားပြီး။ အိပ်ဖို့၊ နားဖို့နေရာတွေကအစ အကုန်အခက်ခဲဖြစ်သွားပြီ။ ရွာနဲ့နီးတဲ့နေရာတွေမှာ နားမိတဲ့သူတွေကတော့ ရွာထဲကရှိတဲ့အိမ်တွေမှာ ဝင်နားကြတယ်။ အခုက ကားတွေကော လူတွေကောအရမ်းများတာဖြစ်လို့ အိပ်ရမယ့်နေရာကော စားတာသောက်တာကော အဆင်မပြေဘူး။ အခုက အခက်ခဲဆုံးကသောက်ရေဖြစ်သွားပြီ”လို့ အထက်ပါကုန်သည်အမျိုးသမီးက ဆက်ပြောပါတယ်။
တိုက်ပွဲကြောင့် နဘားလမ်းဆုံဘက်ကနေ စစ်တပ်က ပိတ်ထားသလို အင်းတော်ကွေ့လမ်းပိုင်းကိုလည်း PDF တွေဘက်က ပိတ်ထားလို့ လမ်းပိုင်းမှာ ပိတ်မိနေတဲ့ကားတွေက နောက်ပြန်လှည့်သွားလို့ မရဖြစ်နေကြပါတယ်။

တော်လှန်ရေးအဖွဲ့တွေ ၂ နှစ်ကျော်ကြာ သိမ်းယူထားတဲ့ အင်းတော်မြို့နဲ့ မော်လူးမြို့ကို စစ်ကော်မရှင်ဘက်က မေလဆန်းပိုင်းမှာ ပြန်လည်သိမ်းယူနိင်ခဲ့ပြီးနောက် တော်လှန်ရေးအဖွဲ့တွေဘက်က မြို့တွေကိုပြန်ရဖို့ တိုက်ပွဲတွေဖော်ဆောင်လာခဲ့ရာမှ ဇွန်လကုန်ကစပြီး တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတာလို့ သိရပါတယ်။
