မင်းတုန်း၊ အောက်တိုဘာ ၂၆၊ ၂၀၂၅။
မကွေးတိုင်း၊ မင်းတုန်းမြို့အဝင်မှာ ကုန်ကားတွေကို ငွေကြေးကောက်ဖို့လာတဲ့ ရဲတပ်သား ၂ ဦးကို ပစ်ခတ်ပြီး လက်နက်တွေလည်းသိမ်းဆည်းခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ် က ပြောပါတယ်။
မင်းတုန်းမြို့ပေါ်ကလာတဲ့ ရဲတပ်သားနေမင်းထက်နဲ့ သန်းထိုက်စိုးတို့ကို မင်းတုန်းမြို့အဝင်လမ်းပိုင်း အင်းလယ်ကုန်းရွာအနီးမှာ အောက်တိုဘာ ၂၆ ရက်ဒီမနက် ၆ နာရီမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“အမြဲတမ်း ၂ ယောက်တော့မဟုတ်ပါဘူး။ တခါတလေကျရင် ၄ ယောက် ၅ ယောက်ပေါ့။ နေ့စဉ်ရက်ဆက်ကြီးမဟုတ်ဘူးလို့ ဆိုလိုချင်တာပေါ့။ ဂိတ်ချ အမြဲတမ်းပုံမှန်လုပ်နေတာမျိုးတော့ မဟုတ်ဘူးပေါ့။ သူတို့ငွေလိုရင် လိုသလိုမျိုးနေမှာပေါ့၊ အလောင်းကို နာရေးကူညီမှုကား၂ စီးနဲ့ **တွေနဲ့ လာပြီးတော့ ကောက်သွားတာဖြစ်ပါတယ်”လို့ ကိုမြတ်က ပြောပါတယ်။
ပစ်ခတ်ပြီးနောက် G 3 ၂ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၂၉ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်ထိပ် ၁ ခု၊ ဖုန်း ၁ လုံးနဲ့ ငွေသား ၆,၅၀၀၀ ကျပ်တို့ကို သိမ်းဆည်းခဲ့တယ်လို့လည်း ဆိုပါတယ်။
မင်းတုန်းမြို့က စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ အဆိုပါလမ်းပိုင်းမှာလာတဲ့ ကုန်ကားတွေဆီကနေ ခြိမ်းခြောက်ငွေတောင်းလေ့ရှိပြီး ကားသမားတွေမှာလည်း ကျပ်သိန်း ၅၀ ဝန်းကျင်လောက်ထိပေးရကာ လမ်းပိုင်းတလျောက် ပေါ်တာဆွဲဖမ်းဆီးတာတွေလည်းလုပ်တယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၂၊ တပ်စိတ် ၅ ကလုပ်ဆောင်ခဲ့တာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ည ၁၁ နာရီကျော်ကလည်း မင်းတုန်းမြို့ပေါ်ကနေ စစ်ကော်မရှင်တပ်တွေ မောင်းနင်လာတဲ့ကားကို ကျောက်တိုင်ရွာအနီးမှာ စစ်ဆေးဖို့ရပ်တန့်ခိုင်းရာ မရပ်ဘဲ ပစ်ခတ်ထွက်ပြေးခဲ့ပြီးနောက် တော်လှန်ရေးတပ်တွေလိုက်လံပစ်ခတ်ချိန်မှာ ကားကိုထားပြီး ထွက်ပြေးကြတာကြောင့် ကျန်ခဲ့တဲ့ကားကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ United States Of Burma Army -USBA ဆီက သိရပါတယ်။
စာတည်း – လင်း





