ရေတာရှည်၊ စက်တင်ဘာ ၁၀၊ ၂၀၂၆။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာကနေ ဗျူဟာ ၁၆ လက်အောက်ခံ တပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားခံရသူ ကျောင်းအုပ်ဆရာမနဲ့ ရပ်မိရပ်ဖ ၅ ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ညနေပိုင်းမှာ စည်ပိုင်းကျေးရွာ အထက(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးနွယ်၊ ရပ်မိရပ်ဖတွေဖြစ်တဲ့ ဒေါ်အိမိုးဝင်း၊ ဒေါ်ပူတူးမ၊ ဦးတင်ရှိန်၊ ဦးကျော်ကျော်ဦး၊ ဦးစိုးဝင်းတို့ကို PDF အဖွဲ့ဝင်တွေက ကျေးရွာကနေ ခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။
“(စကစ)ကျောင်းတွေက ဒီဘက်မှာ ဖွင့်ခွင့် ပေးထားတယ်။ စာမေးပွဲကိစ္စ ရေတာရှည်မြို့ကို သွားရတယ်။ အရင်ကသွားရင် သတင်းပို့ ရတယ်။ အခုက သတင်းမပို့ဘဲ သွားတယ်။ မြို့ပေါ်ရောက်တော့ အုပ်ကြီးတွေနဲ့ တွေ့တယ်၊ ပြောတယ်ဆိုတဲ့ အခြေနေတွေရှိတော့ ပြန်လာတော့ ခေါ်ယူပြီး မေးတာ။ ဖမ်းလာတဲ့ သဘောမဟုတ်ဘူး”လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တဦးပြောပါတယ်။
ခေါ်ယူစစ်ဆေးမှုလုပ်တာကိုတော့ နာရီပိုင်းလောက်သာ ကြာမြင့်ပေမယ့် လမ်းခရီးဝေးတာ၊ ရေတွေတက်လာနေတာကြောင့် လမ်းခရီးစိတ်မချရလို့ ချက်ချင်း ပြန်မလွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
ကျောင်းအုပ်ဆရာမပါ ၆ ဦးကို ခေါ်ယူစစ်ဆေးပြီးနောက် စက်တင်ဘာလ ၉ ရက်နေ့မနက် ၉ နာရီကျော်မှာ ကျေးရွာအရောက် ပြန်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းအုပ်ဆရာမပါ ရပ်မိရပ်ဖတွေကို PDF အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရွာခံပြည်သူ ၂၀၀ ကျော်က ပြန်လွှတ်ပေးဖို့ စက်တင်ဘာလ ၉ ရက်နေ့ မနက် ၉ နာရီကျော်ခန့်မှာ ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ရာ ဆန္ဒထုတ်ဖော်ချိန်မှာ ဖမ်းဆီးခံထားရသူတွေ ပြန်ရောက်လာတာကြောင့် ဆန္ဒထုတ်ဖော်ပွဲကို ရုပ်သိမ်းသွားကြတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ချီရေး တယ်လီဂရမ်ချန်နယ်တွေမှာတော့ စည်ပိုင်းကျေးရွာ ဒေသခံပြည်သူတွေက ဖမ်းဆီး ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေဆိုပြီး ဓာတ်ပုံတွေနဲ့ ဖြန့်ဝေထားပါတယ်။