ကနီ၊ မတ် ၁၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးက နတ်ကြီးရွာကိုတိုက်လေယာဉ်နဲ့ ဗုံးကြဲခံရတာကြောင့် ဒေသခံအမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရတယ်လို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
မတ် ၁၀ ရက်နေ့လယ် ၂ နာရီ ၃၀ မိနစ်ကနေ ၅ နာရီထိအတောအတွင်း စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၃ စီးနဲ့ ကျေးရွာအနီးက ကူးတို့ဆိပ်သောင်ပြင်နဲ့တောစပ်တွေကို ဗုံးကြဲတာ၊ ရော့ကတ်တွေနဲ့ ၇ ကြိမ်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
“ဂျက်ဖိုက်တာနဲ့စုစုပေါင်း ၃ စီး ၇ ကြိမ်လာပစ်တာ။ နတ်ကြီးအရှေ့ဘက် သောင်ပြင်မှာ အများပြည်သူသုံးတဲ့ကူးတို့မှာ အများဆုံးကျတာ။ ငှက်ပျောခြံတွေထဲလည်းကျတယ်။ “လို့ ကနီမြို့နယ်ပကဖပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

လေကြောင်းကနေဗုံးကြဲပစ်ခတ်ခံရလို့ သောင်ပြင်ကူးတို့ဆိပ်နားမှာ ကမ်းကူးဖို့စောင့်နေတဲ့ အသက် ၃၀ ကျော်အရွယ်အမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရကာ ကား ၂ စီးမီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
လေကြောင်းကနေ ဗုံးကြဲပစ်ခတ်ပြီးနောက် မတ် ၁၁ ရက် ဒီမနက်ပိုင်းထိ အဆိုပါ ကူးတို့ဆိပ်ကမ်းကို သွားလာသူမရှိတော့ဘူးလို့ သိရပါတယ်။
ဗုံးကြဲပစ်ခတ်ခံရတဲ့ ကူးတို့ဆိပ်ဟာ နတ်ကြီးကျေးရွာကနေ အရှေ့ဘက် မုဌောကျေးရွာကို ကူးတဲ့ ကူးတို့ဆိပ်ဖြစ်ပြီး လေကြောင်းအန္တရာယ်ကြောင့် နတ်ကြီး၊ ဝချောင်းလေး၊ ဝချောင်းကြီး၊ မုဌောအရှေ့၊ မုဌောအနောက်အပါအဝင် ကျေးရွာ ၆ ရွာခန့်က ဒေသခံ ၆,၀၀၀ ကျော်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ကနီနယ် မုဌောကျေးရွာကူးတို့ဆိပ်ကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲလို့ သံဃာတပါး၊ ဒေသခံ ၂ ဦးဒဏ်ရာရပြီး ဆီတင်ယာဥ် ၁ စီးနဲ့ဆိုင်ကယ် ၁၁ စီးမီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
စာတည်း – လင်း