လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသား ၁ ဦးပါသေဆုံး
ဆိပ်ဖြူ၊ ဇူလိုင် ၁၄၊ ၂၀၂၅။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ တဲကြီးအုပ်စု၊ စိန်ပန်းကုန်းရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၃ လုံးပျက်စီးခဲ့တယ်လို့ Yenather Column ဆီက သိရပါတယ်။
ကပစ ၂၁၊ ကပစ ၂၂၊ ဝါဇီတပ်၊ ချောက် ခလရ ၁၃ က အင်အား ၂၀၀ ဝန်းကျင်ပါ စုပေါင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၁၀ ရက်နေ့လယ် ၁ နာရီကျော်မှာ စစ်ကြောင်းထိုးမီးရှို့ခဲ့တာလို့ ဆိုပါတယ်။



“သူတို့က ၁၀ ရက် နေ့လယ်ပိုင်းမှာ စစ်ကြောင်းထိုးလာတာ၊ အင်အားကတော့ ၂၀၀ ဝန်းကျင်မှာရှိတယ်၊ ကျနော်တို့လည်း ဒီဘက်ကရှိတဲ့အင်အားနဲ့ အဲ့ဒီစစ်ကြောင်းကို ကာတော့ကာတယ်၊ ဒါပေမဲ့ ကျနော်တို့မှာက လက်နက်အင်အားမပြည့်စုံတဲ့အတွက် အကြာကြီးတော့ မကာနိုင်လိုက်ဖူး၊ ကျန်တဲ့ ရဲဘော်တွေကလည်း အဲ့ဒီအနီးတဝိုက်ကျေးရွာတွေက ပြည်သူတွေကို ကယ်ထုတ်ရတဲ့ လုပ်ငန်းလည်းလုပ်နေရတာ” လို့ Yenather Column တပ်ရေးဗိုလ်ကြီးက ပြောပါတယ်။
အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ရွာကိုမီးရှို့နေချိန်အတွင်း လက်နက်ကြီးတွေနဲ့ပါပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံရွာသား အသက် ၄၇ နှစ်အရွယ် ဦးထွန်းညွန့်ဆိုသူသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


“အိမ်ခြေကတော့ ၂၃ အိမ်လောက် ပါသွားတယ်၊ ပြီးတော့ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တဲ့အတွက် ပြည်သူ ၁ ဦးလည်း အသက်ဆုံးရှုံးသွားရတယ်၊ အသက် ၄၇ နှစ် အရွယ် ဦးထွန်းညွန့်သေဆုံးတာ၊ အားလုံးကို ကျနော်တို့ကဘေးလွတ်ရာထားတဲ့အတွက် ကျန်တဲ့သူတွေကတော့ ထိခိုက်မှုမရှိဘူး၊ တိုက်ပွဲဖြစ်နေတာလည်း မရှိဘူး”လို့ တပ်ရေးဗိုလ်ကြီးက ဆက်ပြောပါတယ်။
စိန်ပန်းကုန်းရွာမှာ အိမ်ခြေ ၇၀ လုံး၊ အိမ်ထောင်စု ၄၅၀ ကျော်နဲ့ လူဦးရေ ၁၇၀ ဝန်းကျင်နေထိုင်ပြီး စိန်ပန်းကုန်းရွာအပြင် တဲကြီးရွာ၊ ထိန်ကန်ရွာ၊ ထန်းပင်ကန်ရွာ၊ တမာချောင်ရွာ ဒေသခံ ၃,၀၀၀ ကျော် ကိုလည်း ဘေးကင်းရာကိုကယ်ထုတ်ထားတယ်လို့ ဆိုပါတယ်။


အဲ့ဒီစစ်ကြောင်းဟာ ဇူလိုင် ၁၁ ရက်မှာ ထိန်ကန်ရွာဘက်ကိုစစ်ကြောင်းထိုးပြီး လက်ရှိမှာတော့ ဆိပ်ဖြူမြို့နယ်ထဲကို ပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
စာတည်း – လင်း