ထွက်ပြေးနေရတဲ့ ဒေသခံ ၁၅,၀၀၀ ကျော်နေရပ်မပြန်နိုင်သေးဘဲ သောက်သုံးရေနဲ့ စားနပ်ရိက္ခာလိုအပ်နေ
နွားထိုးကြီး၊ အောက်တိုဘာ ၁၄၊ ၂၀၂၅။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တောင်ခြမ်းမှာ ရက် ၂၀ ကျော်ကြာတိုက်ပွဲဖြစ်နေပြီး PDF စခန်း ၂ ခုသိမ်းခံထားရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
စက်တင်ဘာလနောက်ဆုံးပတ်ကစပြီး စစ်ကော်မရှင်တပ်နဲ့ မြင်းခြံခရိုင်ပျူစောထီးခေါင်းဆောင်သီတာယုမွန်လက်အောက် ပျူစောထီးတပ်ဖွဲ့ပူးပေါင်းအင်အား ၂၀၀ ကျော်ဟာ နွားထိုးကြီးမြို့နယ်တောင်ဘက်ကို စစ်ကြောင်းထိုးလာရာက စတင်တိုက်ပွဲဖြစ်ခဲ့ပြီး အောက်တိုဘာ ၁၃ ရက် ယမန်နေ့အထိ စီပင်၊ သူဌေးကုန်း၊ မနှိုင်းသာ၊ အိမ်ကြီးတော ကျေးရွာတွေအနီးမှာ နေ့စဥ်နီးပါးတိုက်ပွဲတွေဆက်ဖြစ်နေတာလို့ ဆိုပါတယ်။
” စခန်းက ၂ ခုပေးလိုက်ရတယ်။ စီပင်ရွာတောင်ဘက်ဘေးကတခု၊ မနှိုင်းသာ သန်းကုန်းဘက်ကတခု၊ သူဌေးကုန်းကျဌာနေ(စခန်း)မရှိဘူး။ တိုက်ပွဲဘဲဖြစ်တယ်။ အဲ့မှာလည်းရဲဘော်တွေကျတာရှိတယ်။ မနေ့က စီပင်က ရဲဘော်တွေအခြေအနေကတော့မသိသေးဘူး” လို့ နွားထိုးကြီးဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
တိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်ထိခိုက်ကျဆုံးများနေပြီး အသေးစိတ်အခြေနေတွေကိုတော့ သက်ဆိုင်ရာတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်မှာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က တိုက်ပွဲတွေဖြစ်ပွားနေတဲ့ သူဌေးကုန်း၊ စီပင်၊ အိမ်ကြီးတော၊ ရွာသာအေး၊ မကျီးကုန်းကျေးရွာတွေတဝိုက်ကို တိုက်လေယာဥ်၊ Y 12 လေယာဥ်၊ ပါရာမိုတာ(စက်တပ်လေထီး)၊ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ်တွေနဲ့ နေ့စဥ်နီးပါးဗုံးကြဲပစ်ခတ်နေတာပါ။
အောက်တိုဘာ ၁၄ ရက် ဒီကနေ့မှာ အဲ့ဒီစစ်ကော်မရှင်စစ်ကြောင်းဟာ စီပင်ကျေးရွာအတွင်းတပ်စွဲနေပြီး စစ်ကြောင်းတပ်စွဲနေတဲ့ စီပင်ကျေးရွာတဝိုက်ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ အများဆုံး ဗုံးကြဲပစ်ကူပေးတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေနဲ့လေကြောင်းဗုံးကြဲတာတွေကြောင့် အိမ်ခြေ ၂၀၀ ကနေ ၃၀၀ အကြားရှိတဲ့ စီပင်၊ သူဌေးကုန်း၊ မကျီးကန်၊ အောင်ပန်းကုန်း၊ မကျီးကုန်း၊ အောင်သာ၊ ရွာသာအေး၊ အိမ်ကြီးတော၊ ဆူးရစ်ကုန်း၊ ဖလံကုန်းအပါအဝင်ကျေးရွာ ၁၅ ရွာခန့်က လူဦးရေ ၁၅,၀၀၀ ကျော်ဟာ တိုက်ပွဲတွေစတင်ဖြစ်ပွားချိန်ကတည်းက စစ်ဘေးရှောင်နေကြရပြီး လက်ရှိအထိ နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာတွေမှာ နေထိုင်နေရပါတယ်။
” အလှူရှင်တွေတော့မလာဘူး။ အဓိက လိုအပ်တာက ဆန်။ ဟင်းချက်စရာက ဟိုနားအရွက်ခူးချက် ဒီနားအရွက်ခူးချက်လို့ရသေးတယ်။ ဆန်ကိုဘဲ အဓိကလိုနေတာ။ စစ်ဘေးရှောင်တွေအတွက်ထုတ်ပေးနေတဲ့ဆန်တွေလည်းကုန်နေပြီး။ ပိုက်ဆံရှိရင်တော့ ဝယ်လို့ရတယ်။ စစ်ဘေးရှောင်တွေမှာ(ပိုက်ဆံ)ပါတဲ့သူရှိတယ်။ မပါတဲ့သူတွေရှိတယ်။ မပါတဲ့သူတွေက ဒုက္ခရောက်နေကြတယ်။ ကျနော်တို့ရွာမှာတင် စစ်ရှောင် ၁၀၀ ကျော်ရှိတယ်”လို့ နွားထိုးကြီးဒေသခံတဦးက ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ ဘေးလွတ်ရာကျေးရွာတွေနဲ့ တောတိုက်တွေထဲမှာ ပုန်းရှောင်နေရပြီး ကျေးရွာတွေမှာ စစ်ရှောင်နေရသူတွေအတွက်က နေရာထိုင်ခင်းအတွက်အဆင်ပြေပေမယ့် စားသောက်ရေးအတွက် အခက်ခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။
တောတိုက်နဲ့တောတောင်တွေမှာစစ်ရှောင်နေရသူတွေအတွက် အမိုးအကာ၊ ရိက္ခာတွေနဲ့သောက်သုံးရေတွေအတွက် အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ













