ပုလဲ၊ ဇန်နဝါရီ ၁၇၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပန်းရွာမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဂိတ်ကနေ ဖမ်းခေါ်ထားတဲ့တပ်ဖွဲ့ဝင် ၁ ဦးကို သက်ဆိုင်ရာဆီပြန်အပ်ဖို့ ပြောဆိုထားတယ်လို့ BNRA ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။
ဇန်နဝါရီ ၁၇ ရက် ဒီနေ့လယ်ပိုင်းမှာ ပန်းရွာရှိ ပအဖဂိတ်မှာ BNRA တပ်ဖွဲ့ဝင် ၄ ဦးနဲ့ ပအဖအဖွဲ့ဝင်တို့ အချင်းများခဲ့ပြီးနောက် ဂိတ်ရှိအဖွဲ့ဝင် ၁ ဦးကို BNRA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်ပြီး စခန်းကို စီးနင်းတိုက်ခိုက်တယ်ဆိုတာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ကျနော်တို့က ကျနော်တို့ လုပ်ရင်လုပ်တယ် မလုပ်ရင်မလုပ်ဘူး၊ တာဝန်ခံပြီးတော့ ဖြေရှင်းသွားမှာပဲ။ ဒီကိစ္စက မျက်မြင်ပြည်သူတွေလည်း ရှိကောင်းရှိနိုင်တယ်။ ဒီ ရဲဘော် ၄ ဦးကိုလည်း ခေါ်ထားတယ်။ ကျနော်တို့က ဝင်စီးတယ်ဆိုရင် အနည်းဆုံးတော့ တပ်ရင်း တပ်ဖွဲ့တွေနဲ့ ဖြစ်ရမှာပေါ့။ အခုဟာက အဲ့ဒီရွာခံ ရဲဘော် ၄ ဦးနဲ့ သူတို့ဂိတ်ကောက်တဲ့ ရဲဘော် ၄ ဦးလို့ ပြောတယ်။”လို့ BNRA ခေါင်းဆောင် ဗိုလ်နဂါးက မြေလတ်အသံကို ပြောပါတယ်။
အဲ့ဒီဂိတ်မှာ အခွန်ပေးခဲ့တဲ့ဒေသခံ ၁ ဦးက ချလန်မပေးလို့ဆိုကာ BNRA တပ်ဖွဲ့ဝင်တွေကို တိုင်ကြားခဲ့တဲ့ အတွက် အထက်ပါတပ်ဖွဲ့ဝင် ၄ ဦးက ဂိတ်ကိုသွားချိန်မှာ အချင်းများခဲ့ကြတာလို့ ဆိုပါတယ်။
“ချလန်လည်း မရဘူးဆိုတော့ အခွန်ပေးလိုက်ရတဲ့ပြည်သူက အဲ့ဒီရဲဘော်ကိုတိုင်တာ။ ရဲဘော်ကလည်း သူ့ရွာသူနားမှာ ဆိုတော့ သွားပြီးဖြေရှင်းတဲ့ ကိစ္စမှာ သေနက်မောင်းတွေနဲ့ ဟိုဘက်ကထိုးချိန်တယ်၊ ပြီးတော့ ထိုးကြ ကြိတ်ကြတာတွေဖြစ်ပြီး အဲ့ဒီကနေ ပြဿနာကစတာ။”လို့ သူက ဆက်ပြောပါတယ်။
အချင်းများနေချိန် ဂိတ်မှာရှိသူတွေက ရှောင်ပြေးသွားချိန် ကျန်နေခဲ့သူ ၁ ဦးကို BNRA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ကာ လက်ရှိမှာတော့ သူ့ကိုသက်ဆိုင်ရာအဖွဲ့အစည်းဆီ ပြန်အပ်ဖို့ပြောဆိုထားတယ်လို့ ဗိုလ်နဂါး ကပြောပါတယ်။
“တပြိုင်နက်တည်းမှာပဲ တဖက်က မြို့နယ် ပကဖ ဘက်က ကိုနန်းဝင်းကို ဆက်သွယ်ခိုင်းပြီးတော့ ဖမ်းဆီးထားတဲ့လူကို ပြန်လည်အပ်နှံဖို့ကိစ္စ သူတို့ဘယ်နေ့မှာလာပြီးတော့ လက်ခံမလဲဆိုတာ မေးခိုင်းထားတယ်၊ ကျနော်တို့ ဒီအတိုင်းပြန်လွှတ်လိုက်ရင် ကြားမှာတခုခုဖြစ်သွားရင် ကျနော်တို့ ခေါင်းပေါ်လာနိုင်တာရှိတယ်၊ အဲ့ဒီတော့ ထိခိုက်ပွန်းပဲ့မှုမရှိဘဲနဲ့ အသက်အန္တရယ်မရှိဘဲနဲ့ ကျနော်တို့အနေနဲ့ သတ်သတ်မှတ်မှတ် အထောက်အထားနဲ့ လူကြီးချင်းပြန်အပ်လိုက်တယ်ဆိုတဲ့ အခြေအနေမျိုးပါ၊” လို့ ဗိုလ်နဂါးက ပြောပါတယ်။
ခုလိုမျိုး ပဋိပက္ခမျိုးတွေထပ်မလုပ်ဖို့ တပ်ဖွဲ့ဝင်တွေကို ညွှန်ကြားပြီး ပြဿနာအေးအောင် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
အခင်းဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင်ပကဖထံ မြေလတ်အသံက မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်က ဗိုလ်နဂါးဦးဆောင်တဲ့ BNRA ရဲ့ အခွန်ကောက်ဂိတ်စခန်း ၂ ခုကို NUG ရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတွေက ဝင်ရောက်စီးနင်းကာ လက်နက်တွေကိုသိမ်းဆည်းတဲ့ဖြစ်စဥ် ရှိခဲ့ပါသေးတယ်။
စာတည်း – လင်း




