မြေလတ်အသံ၊ ဇွန် ၂၉၊ ၂၀၂၅။
UFC 317 ဖလိုင်းဝိတ်တန်းပွဲမှာ ဖလိုင်းဝိတ်အဆင့် ၁ နေရာက ဘရန်ဒန်ရွိုင်ဗယ်ကို မြန်မာပြည်ဖွား ချင်းဖိုက်တာ ဂျော့ရှုဝါဗန်က အမှတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ အဆင့် ၁ နေရာက ဘရန်ဒန်ရွိုင်ဗယ်နဲ့ အဆင့် ၆ နေရာက မာနယ်ကပ်တို့ တွေ့ဆုံရမယ့်တွဲဆိုင်းဖြစ်ပေမယ့် မာနယ်ကပ် နုတ်ထွက်သွားလို့ ဗန်က လူစားထိုးဝင်ရောက်ထိုးသတ်ခဲ့တာဖြစ်ပြီး UFC 316 မှာလည်း ဘရူနိုဆေးလ်ဗားကို အလဲထိုးနဲ့ အနိုင်ယူခဲ့တဲ့ ဗန်အတွက် ပြင်ဆင်ချိန် နည်းခဲ့တာဖြစ်ပါတယ်။

ပွဲအတွက် ပြင်ဆင်ချိန် ၃ ပတ်သာ ရခဲ့တဲ့ ဗန်က ဘရန်ဒန်ရွိုင်ဗယ်ကို အခုလို အမှတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီးတော့ ဒီနိုင်ပွဲကြောင့် ချန်ပီယံခါးပတ်စိန်ခေါ်ခွင့်ရမယ့် အခွင့်အရေးလည်း ရှိလာပြီ ဖြစ်ပါတယ်။
မြန်မာပြည်ဖွား ချင်းလူငယ်ဖိုက်တာ ဂျော့ရှုဝါဗန်ဟာ အသက် ၂၃ နှစ်သာရှိသေးတာဖြစ်ပြီး UFC မှာ ၉ ပွဲ ကစားထားပြီး ၈ ပွဲနိုင် ၁ ပွဲရှုံးရလဒ် ရရှိထားကာ လက်ရှိမှာတော့ ၅ ပွဲဆက်အနိုင်ရလဒ်ကို ရယူထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။