ကြို့ပင်ကောက်၊ ဩဂုတ် ၅၊ ၂၀၂၆။
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အင်တိုင်းကုန်းကျေးရွာမှာ Y-12 နဲ့ကြဲချတဲ့ ဗုံးစထိမှန်လို့ ကလေးငယ် ၂ ဦးအပါအဝင် ၆ ဦးဒဏ်ရာရခဲ့တယ်လို့ ကြို့ပင်ကောက်မြို့နယ် ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။
ဩဂုတ်လ ၅ ရက်နေ့ ဒီကနေ့ မွန်းတည့် ၁၂ နာရီခန့်က မှော်ဘီလေတပ်ကနေ တက်လာတဲ့ Y-12 လေယာဉ်တစီးဟာ ကျေးရွာအလယ်ပိုင်းကို ဗုံး ၂ လုံးကြဲချခဲ့လို့ ပြည်သူတွေနေထိုင်တဲ့ နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ဗုံးကျတဲ့နေရာမှာ တိုက်ပွဲဖြစ်တာမရှိဘူး။ လက်ရှိအနေနဲ့က ပြည်သူတွေက မိမိနေအိမ်မှာ မိမိကလေးတွေနဲ့အတူ ကိုယ့်အိမ်မှာ ကိုယ်နေနေတဲ့အချိန်မှာ ကြဲချတဲ့ ဗုံးတွေထိပြီး ဆိုးဆိုးဝါးဝါးဖြစ်ကုန်တာ”လို့ ကြို့ပင်ကောက်မြို့နယ်ပကဖ တာဝန်ခံက ပြောပါတယ်။

ဗုံးထိမှန်တာကြောင့် အသက် ၁ နှစ်သားဟိန်းထက်ပိုင်၊ အသက် ၁၂ နှစ်အရွယ် မချစ်၊ အသက် ၇၀ ကျော်အရွယ် ဦးမဲကြီး၊ ၄၄ နှစ်အရွယ် ဦးသန်းဇော်၊ ၄၇ နှစ်အရွယ် ဒေါ်ဋ္ဌေးဋ္ဌေးဦး၊ ၃၅ နှစ်အရွယ် မယုယုမော်တို့ဒဏ်ရာရပြီး အဲဒီအထဲမှာ ၁၂ နှစ်အရွယ် ကလေးမမှာ ဒဏ်ရာစိုးရိမ်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗုံးကျတဲ့နေရာအနီးက နေအိမ် ၃ လုံးပျက်စီးကာ ရွာခံအချို့ကကြောက်လန့်ပြီး၊ ကျေးရွာကနေ တိမ်းရှောင်သွားကြတာတွေရှိသလို အများစုကတော့ ကျေးရွာမှာဆက်လက်နေထိုင်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာမှာ ဗုံးကြဲခဲရလို့ ရွာခံအမျိုးသား ၁ ဦး ဥဦးခေါင်းပြတ်ထွက်ကာ ခန္ဓကိုယ်ကြေမွပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


