အုတ်ဖို၊ နိုဝင်ဘာ ၂၊ ၂၀၂၆။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဆင်ကူးကျေးရွာကို ဒရုန်းချပြီး စစ်ကြောင်းထိုးမီးရှို့ခဲ့လို့ ကလေး ၁ ဦးသေဆုံးပြီး ၅ ဥဦးဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
အောက်တိုဘာလ ၃၁ ရက် နေ့လည် ၂ နာရီခန့်က အာဏာသိမ်းစစ်တပ်က ဒရုန်း ၂ စီးနဲ့ ကျေးရွာထဲကို ဗုံးသီး ၁၀ လုံးကြဲချသွားခဲ့တာလို့ သိရပါတယ်။


“ဗုံးသီးတွေက ၁၂၀ မမ ဗုံးသီးတွေ။ ပြည်သူနေအိမ်ပေါ်ကျတော့ အိမ်ထဲနဲ့အိမ်နားရှိနေတဲ့ ကလေးလူကြီးထိကြတာ။ နောက်တရက်ကျတော့ စစ်ကြောင်းဝင်မီးရှို့လို့ ရွာခံတွေအကုန်ပြေးနေရတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။
ဗုံးကြဲခံရမှုအတွင်း အသက် ၁၀ နှစ်အရွယ် မောင်ကောင်းမြတ်သူ ဦးခေါင်းပွင့်ဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးသွားပြီး အသက် ၁၅ နှစ်အရွယ် အောင်ကောင်းမြတ်ပိုင်နဲ့ မမီးလေး အပါအဝင် အသက် ၃၃ နှစ်အရွယ် ဒေါ်မိုးသူ၊ အသက် ၄၈ နှစ်အရွယ် ဦးစိန်ဝင်းနဲ့အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရခဲ့သလို နေအိမ် ၂ လုံးပျက်စီးကာ နွား ၂ ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ဗုံးကြဲပြီးနောက် နိုဝင်ဘာလ ၁ ရက်နေ့ နေ့လည် ၁ နာရီခန့်မှာ အင်အား ၄၀၀ ခန့်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဟာ ဆင်ကူးကျေးရွာထဲကို ဝင်ရောက်လာပြီးနောက် ကျေးရွာထဲက နေအိမ်တွေကို မီးတင်ရှို့ပြီး ရွာမှာ နိုဝင်ဘာလ ၂ ရက်နေ့အထိ တပ်စွဲထားတာကြောင့် ပျက်စီးဆုံးရှုံးမှု အရေအတွက် အတိအကျ မသိရသေးသော်လည်း နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကြောင်းဝင်မီးရှို့တာကြောင့် ကျေးရွာနေပြည်သူ ၅၀၀ ထက်မနည်းဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့အထိ နေရပ်မပြန်ကြရသေးပါဘူး။


ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က ပေါင်းတည်မြို့နယ်၊ ခုတ်ကြီးရွာအနီး ပျားကြီးတောင်အစပ်မှာ စက်တပ်လေထီးက ကြဲချတဲ့ ဗုံးထိမှန်လို့ ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦးသေဆုံးတယ်လို့ သိရပါတယ်။


သတင်း – မောင်မှိုင်း
