မကွေး၊ ဇွန် ၂၀၊ ၂၀၂၅။
မကွေးမြို့ပြည်သူ့ဆေးရုံမှာကုသရင်း သေဆုံးသွားသူမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပေမယ့် သေဆုံးရခြင်းအကြောင်းအရင်းဟာ ကိုဗစ်ရောဂါကြောင့်မဟုတ်ဘဲ ဖျားနာတာနဲ့အသက်ရှူရခက်တဲ့ဝေဒနာကြောင့်လို့ စစ်ကောင်စီလက်အောက် မကွေးတိုင်းကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနက ဇွန် ၁၈ရက်မှာ MRTV ကတဆင့် ပြောဆိုလာပါတယ်။
သေဆုံးသူဟာ အသက် ၃၁ နှစ်အရွယ် ကိုဘိုဘိုဝင်း ဖြစ်ပြီး ၎င်းဟာ ဇွန် ၁၆ ရက်မှာ မကွေးဆေးရုံဖျားနာဆောင်မှာ စတင်တက်ရောက်ကုသတာကနေ ဇွန် ၁၇ ရက် ညနေ ၄ နာရီခွဲမှာ အရေးပေါ် ကုသမှုလိုအပ်တာကြောင့် ICU ကို ပို့ဆောင်ကုသစဥ် ၁ နာရီခန့်အကြာမှာ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

” မင်းလှဆေးရုံမှာ သွေးတိုးရောဂါနဲ့တက်ရောက်ကုသနေတယ်။ အဲ့မှာ မသက်သာတာဖြစ်တဲ့အတွက် မကွေးတိုင်းဆေးရုံကြီးကို တက်ရောက်ကုသမှုခံယူတယ်။ ဖျားနာဆောင်မှာကုသနေပြီးတဲ့အခါမှာ အရေးပေါ် ကုသမှုလိုအပ်တာကြောင့် ICU ကို ပို့တယ်။ ICU ထဲရောက်တဲ့အခါ RTD နဲ့စစ်လိုက်တဲ့အခါမှာ ကိုဗစ်ရောဂါပိုးကိုတွေ့ရတယ်။ အဲဒီ ICU ထဲမှာဘဲ မူလအခံရောဂါတွေနဲ့သေဆုံးသွားတာဖြစ်ပါတယ်”လို့ စစ်ကောင်စီလက်အောက် မကွေးတိုင်းပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက MRTV ကို ပြောဆိုထားပါတယ်။
သေဆုံးသူကိုဘိုဘိုဝင်းမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိပေမယ့် ၎င်းဟာကိုဗစ်ရောဂါကြောင့် သေဆုံးတာမဟုတ်ဘဲ ဖျားနာတာနဲ့အသက်ရှုရခက်တဲ့ဝေဒနာတွေကြောင့် သေဆုံးသွားခဲ့တာလို့ ၎င်းက ဆက်ပြောပါတယ်။

” ကျနော်တို့အနေနဲ့ သေဆုံးသွားတဲ့အခါမှာ သေဆုံးတဲ့ရောဂါရဲ့အကြောင်းအရင်းတွေကို လေ့လာလိုက်တဲ့အခါမှာ သူကကျနော်တို့ ကိုဗစ်ရှိတဲ့လူနာနဲ့ထိတွေ့မှု History သမိုင်းကြောင်းမရပါဘူး။ ဒါကြောင့်မလို့ သူ့မှာတော့ ဖျားနေတာကြာပါပြီ။ နောက်ခါကျ အသက်ရှူရတာခက်တဲ့ရောဂါရယ်၊ နောက်တခါအဓိက ရောဂါ Guillain Barre Syndrome (အာရုံကြောနဲ့ ကြွက်သားထိခိုက်ရောဂါ) နဲ့ နောက်တခါကျတော့ အသက်ရှူခက်တဲ့ဝေဒနာခံစားရတာဆိုပြီးတော့ ကျနော်တို့ဆီကို ရောက်ရှိလာပြီးတော့ ဒီရောဂါဝေဒနာများကြောင့် သေဆုံးသွားရခြင်းဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ကိုဘိုဘိုဝင်းဟာ တောင်တွင်းကြီးမြို့၊ ရွှေအိုး ၁ ရပ်ကွက်၊ အပိုင်း ၃ နေထိုင်သူဖြစ်ကာ ဇွန်လပထမအပတ်အတွင်း အထက်မင်းလှမြို့နယ်ဘက်ကို ဆိုင်ကယ်နဲ့သွားစဥ် လိုင်စင်မဲ့ယာဥ်စစ်ဆေးတဲ့ စစ်ကောင်စီအဖွဲ့တွေရဲ့ဖမ်းဆီးမှုခံရပြီး ကျန်းမာရေးမကောင်းတာကြောင့် ဇွန် ၁၂ ရက် မှာ မင်းလှမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုခဲ့ရာကတဆင့် မကွေးပြည်သူ့ဆေးရုံကို လွှဲပြောင်းကုသစဥ် သေဆုံးသွားခဲ့တာပါ။
သေဆုံးသွားတဲ့ ကိုဘိုဘိုဝင်းရဲ့အလောင်းကို ဇွန် ၁၈ ရက်မနက်ပိုင်းမှာ မကွေးမြို့၊ ချမ်းမြေ့သာယာသုသာန်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ကိုဗစ်တတိယလှိုင်းကာလက မကွေးမြို့နယ်အတွင်းမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေထံကသိရပြီး မြေပြင်မှာပိုများနိုင်တယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ