အမျိုးသားဖြစ်သူ ဒဏ်ရာတွေနဲ့ထွက်ပြေးလွတ်မြောက်လာ
မြေလတ်အသံ၊ အောက်တိုဘာ ၁၇၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ပျူစောထီးဂိတ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ လင်မယား ၂ ဦးထဲက အမျိုးသမီးကို ပျူစောထီးတွေက အဓမ္မပြုပြီး ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပြီး အမျိုးသားဖြစ်သူကတော့ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ကန့်ဘလူခရိုင်အမှတ် ၃ တပ်ရင်းကပြောပါတယ်။
အဆိုပါလင်မယား ၂ ဦးမှာ ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာမှ ၃၈ နှစ်အရွယ် ကိုကျော်မျိုးနဲ့ ၃၃ နှစ်အရွယ် မအေးမာဦး တို့ဖြစ်ပြီး ၎င်းတို့ဟာ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းပေါ်ရှိ စံပယ်နံ့သာ ပျူစောထီးအထိုင်စခန်းဂိတ်မှာ အောက်တိုဘာ ၁၆ ရက်မနက် ၉ နာရီကျော်က ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။


“သူတို့က ကထိန်ခင်းဖို့အတွက် တန့်ဆည်ကိုသွားတာ။ ဆိုင်ကယ်နဲ့ပေါ့။ စံပယ်နံ့သာ အရောက်မှာ ဖမ်းခံရတာ။ ကိုကျော်မျိုးနဲ့ မအေးမာဦးကို ဝါးနှစ်ပြန်အကွာ တယောက် တနေရာစီခွဲထားတယ်။ မအေးမာဦးကို ပျူတွေက တကောင်ပြီးတကောင် မုဒိမ်းကျင့် ကြတယ်။ အော်ဟစ်သံတွေတောင်ကြားရတယ်တဲ့။ ပြီးတော့ ပစ်သတ်လိုက်တာ”လို့ ကိုကျော်မျိုးရဲ့ပြောဆိုချက်ကို ကိုးကားပြီး ကန့်ဘလူခရိုင်အမှတ် ၃ တပ်ရင်းမှတာဝန်ရှိ သူတဦးက ပြောပါတယ်။
အဲ့ဒီနေ့ညနေ ၅ နာရီကျော်မှာ အရက်မူးနေတဲ့ ပျူစောထီး ၃ ဦးက ကိုကျော်မျိုးကို ရိုက်နှက်နှိပ်စက်ပြီး လက်ပြန်ကြိုးတုပ်ကာ ချောင်းကမ်းစပ်အနီးမှာ ပစ်သတ်ဖို့ရာ ဒူးထောက်ခိုင်းထားချိန် ချောင်းထဲကို ခုန်ချပြီး ထွက်ပြေးခဲ့တာလို့ပြောဆိုကြောင်း အထက်ပါတာဝန်ရှိသူကဆိုပါတယ်။


ကိုကျော်မျိုးမှာ ရိုက်နှက်နှိပ်စက်ခံခဲ့ရတာကြောင့် မျက်နှာပြင်တခုလုံး ညိုမဲစွာ ဖူးရောင်နေသလို လက်ကောက်ဝတ်နှစ်ခုစလုံးမှာလည်း မီးလောင်ဒဏ်ရာတွေ၊ ဦးခေါင်းမှာ ပေါက်ပြဲဒဏ်ရာ၊ ကျောကုန်းမှာ ညိုမဲစွဲ ဒဏ်ရာတွေနဲ့ အောက်တိုဘာ ၁၇ ရက်မနက် ၇ နာရီခန့်မှာ ကန့်ဘလူခရိုင်အမှတ် ၃ တပ်ရင်းဆီကို ရောက်ရှိလာခဲ့တာလို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရချိန်မှာတော့ ပျူစောထီးတွေက ဆွဲသီးပါ ရွှေဆွဲကြိုး ၂ ကုံး၊ ၁ ကျပ်သားရွှေအခဲ ၁ ခဲ၊ နားကပ် ၁ ရံ၊ လက်ကောက် ၁ ကွင်းအပါအဝင် စုစုပေါင်း ရွှေ ၃ ကျပ်သားနဲ့ ငွေသား ၇ သိန်း၊ ဖုန်း ၃ လုံး၊ ဆိုင်ကယ် ၁ စီး ယူဆောင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၁၃ ရက်ကလည်း ရွှေဘိုကနေ တနိုင်းဘက်ကိုထွက်ခွာလာတဲ့ ကား ၁ စီးပေါ်ကနေ လူငယ်အမျိုးသား ၉ ဦးကို စံပယ်နံ့သာ ပျူစောထီးဂိတ်ကနေ ဖမ်းဆီးခဲ့တာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ ခရီးသွားလာချိန် စကမတပ်စခန်းတွေရှိရာနေရာတွေကို သတိပြုရှောင်ရှားသွားလာကြဖို့ ကန့်ဘလူခရိုင် အမှတ် ၃ PDF တပ်ရင်းက အသိပေးထားပါတယ်။
စာတည်း – လင်း