ပဲခူး၊ ဇန်နဝါရီ ၁၅၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပြည်မြို့ကို စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနဲ့ ဒုဝန်ကြီးတို့ ၂ ဦး ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းမှာ ရောက်ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီဝန်ကြီး ၂ ဦးရောက်ရှိနေတာကြောင့် ပြည်မြို့ပေါ်က ဗိုလ်ချုပ်လမ်းတလျှောက်၊ ဘုရင့်နောင်လမ်းတလျှောက်ရှိ ဓာတ်တိုင် ၁ တိုင်အကွာမှာ လုံခြုံရေးစစ်သား ၂ ဦးစီချထားပြီး လမ်းသွားလမ်းလာပြည်သူတွေရဲ့ ဖုန်းတွေနဲ့ဆိုင်ကယ်တွေကို အဓိကထားစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
“ရွှေဆံတော်ဘုရားကို ယတြာလာချေတယ်လို့ သိထားပါတယ်။ တခြားအစီအစဥ်တော့ မသိရပါဘူး။ မနေ့ကတည်းက မြို့ပေါ်မှာ မီးမပြတ်တာပါ။ ညရောနေ့ရော အစစ်အဆေးတင်းကျပ်ထားပါတယ်။”လို့ မြို့ခံတဦးက ပြောပါတယ်။
ဝန်ကြီး ၂ ဦး ယတြာလာချေတဲ့ ရွှေဆံတော်ဘုရားမှာ ပြည်မြို့ အရှေ့ပိုင်း၊ ဆင်စုရပ်မြောက်ဘက်မှာတည်ရှိပြီး အဲဒီဘုရားမှာ ဆေးပဌာန်းယတြာလာချေတာဖြစ်တယ်လို့ အထက်ပါဒေသခံက ဆိုပါတယ်။
“ဆေးပဌာန်းယတြာလို့ သိထားပါတယ်။ နားမလည်လို့အတိအကျမပြောတတ်ပါ”လို့ သူက ဆိုပါတယ်။
ဝန်ကြီးတွေရောက်ရှိလာပြီးနောက် ခေတ္တရာမြို့သစ်ရပ်ကွက်ထဲကို စစ်ကား၊ ဆိုင်ကယ်တွေနဲ့ လှည်ပတ်နေပြီး “ထွန်း” ဟိုတယ် အနီးအနားအရောက်မှာတော့ သေနတ်သံ ၁ ချက်ကြားလိုက်ရတယ်လို့ သူက ပြောပါတယ်။
ပြည်မြို့ပေါ်ကိုရောက်ရှိနေတဲ့ ဝန်ကြီး ၂ ဦး ဇန်နဝါရီ ၁၅ ရက် ဒီကနေ့မှာ မြို့ပေါ်ကနေ ထွက်ခွာသွား၊ မသွားကို မသိရှိရပေမယ့် မြို့ပေါ်မှာတော့ လျှပ်စစ်မီးဖြတ်တောက်တာမရှိသေးသလို လမ်းပေါ်တွေမှာ စစ်ဆေးရေးတင်းကျပ်မှုတွေ ဆက်ရှိနေသေးတယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော် AAက တောင်ကုတ်မြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ပြည်-တောင်ကုတ်လမ်းပေါ်က နောက်ဆုံးကျန် တောင်ပုံကြီးစခန်းကို ဇန်နဝါရီ ၈ ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်က အဲဒီတောင်ပုံကြီးစခန်းကို ဆုံးရှုံးခဲ့ရပြီးနောက် ပြည်မြို့တဖက်ကမ်းက ဥသျှစ်ပင်နဲ့ ပန်းတောင်းမြို့တို့ကို စစ်ကားတွေနဲ့ အင်အားအများအပြားပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
