ဝက်လက်၊ ဇန်နဝါရီ ၃၀၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာတော်ရွာနဲ့ မဲကုန်းရွာကြားမှာ လမ်းကော်မတီအဖွဲ့ဝင်အမျိုးသား ၁ ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသတ်ခံရသူဟာ ကျီးကန်ရွာဒေသခံ ဦးကျော်မင်းဦး (ခ) အီစွတ်ဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်မှာ ရွှေပန်းကုန်းရွာကနေ ငွေထုတ်ပြီးပြန်လာချိန် လမ်းမှာအသတ်ခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။
မဲကုန်းရွာနဲ့ ရွာတော်ရွာကြားလမ်းပိုင်းဟာ လူသွားလူလာပြတ်လပ်တဲ့လမ်းပိုင်းမဟုတ်ဘဲ အလောင်းကိုတော့ နေ့လယ် ၃ နာရီဝန်းကျင်လောက်မှ လမ်းသွားလမ်းလာတွေကတွေ့ခဲ့ကြတာလို့ ဆိုပါတယ်။
ဦးကျော်မင်းဦးရဲ့ ရုပ်အလောင်းကိုတော့ ဇန်နဝါရီ ၂၃ ရက်က ကျီးကန်ရွာသုသာန်မှာသင်္ဂြိုဟ်ပြီး ၂၈ ရက်မှာ ရက်လည်ပြုလုပ်ခဲ့ကာ ဇန်နဝါရီ ၃၀ ရက် ဒီကနေ့အထိတော့ သတ်တဲ့သူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူးလို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
ဦးကျော်မင်းဦးဟာ ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖွဲ့စည်းထားတဲ့ လမ်းကော်မတီအဖွဲ့ဝင်ဖြစ်သလို စပါးပွဲစားလုပ်ကိုင်သူလည်းဖြစ်ပြီး အသတ်ခံရပြီးနောက် သူနဲ့အတူပါလာတဲ့ ငွေကျပ်သိန်း ၆၀၀ လည်းမတွေ့ရတော့ဘူးလို့ မိသားစုဝင်တွေရဲ့ပြောပြချက်ကို အထက်ပါဒေသခံ ကပြောပါတယ်။
၂၀၂၄ ဇူလိုင် ၈ ရက်မှာလည်း ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုမြင့်မြတ်ဦးကို လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝက်လက်မြို့နယ် တရားရေးဌာနက လူသတ်တရားခံ ၁ ဦးတည်းကိုသာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့တဲ့ဖြစ်စဥ် ရှိခဲ့ပါသေးတယ်။
စာတည်း – လင်း























