ကောလင်း၊ မေ ၄၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်း မိုးနံရွာနဲ့ဥက္ကံရွာကို ဆက်သွယ်ထားတဲ့ ဒေါင်းမြူးချောင်း ကြိုးတံတားပေါ်ကနေ လေပြင်းတိုက်ချိန်ပြုတ်ကျတာကြောင့် ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေလ ၃ ရက်ညနေ ၄ နာရီခန့်မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ချိန် ကြိုးတံတားပေါ်က ဖြတ်သန်းသွားလာနေသူတွေဟာ လေပြင်းကြောင့် အမြင့်ပေ ၃၀ ခန့်ရှိ တံတားပေါ်ကနေ မြေပြင်ပေါ်ကို ဆိုင်ကယ်ကော လူတွေပါပြုတ်ကျကုန်တာလို့ ဆိုပါတယ်။
“လေတိုက်နေချိန်မှာ ပုံမှန်လောက်ထင်ပြီး လူတွေကဖြတ်ကြတာ။ အဲဒီအချိန်မှာ လေကကြမ်းလိုက်တာ။ အဲ့တာဆိုတော့ ကြိုးတံတားက လိမ်ပီးတော့ ဆိုင်ကယ်တွေ လူတွေပြုတ်ကျကုန်တာ။ မသေတာကံကောင်းတယ်ဗျ”လို့ ဒေသခံတဦးက ပြောပါတယ်။


တံတားပေါ်ကပြုတ်ကျလို့ အသက် ၂၀ ကနေ ၄၀ ကြား အမျိုးသမီး ၂ ဦးနဲ့အမျိုးသား ၃ ဦး လက်ကျိုးသူ၊ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကာ ဆိုင်ကယ် ၃ စီးလည်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကတော့ နီးစပ်ရာဆေးခန်းမှာဆေးကုသမှုခံယူနေကြပြီး အခြေအနေသက်သာကြတယ်လို့ သိရပါတယ်။
လေပြင်းတိုက်ချိန် မိုးသီးတွေပါကြွေကျပြီး မိုးနံရွာနဲ့ဥက္ကံရွာမှာ လမ်းမတွေပေါ် သစ်ပင်တွေလည်း လဲကျခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း











