စစ်ကြောင်းကိုထွက်ကြည့်တဲ့ အမျိုးသား ၁ ဦးပစ်ခတ်ခံရပြီး လက်နက်ကြီးထိလို့ဒဏ်ရာရသူတွေရှိ
ဆင်ဖြူကျွန်း၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၅။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး မြို့တွင်းမှာပိတ်မိနေတဲ့အရပ်သားတချို့ လက်နက်ကြီးဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၃ ရက် ယမန်နေ့ မနက်အစောပိုင်းကစတင်ခဲ့တဲ့ ဆင်ဖြူကျွန်းမြို့တိုက်ပွဲဟာ ဒီကနေ့အထိ ဆက်ဖြစ်နေတာဖြစ်ပြီး စစ်ကော်မရှင်တပ်က လေယာဥ်နဲ့ လက်နက်ကြီးပစ်ကူတွေ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
” ပိတ်မိနေတာက မြို့ပတ်ချာလည် အနောက်နဲ့တောင်တွေမှာ တိုက်ပွဲတွေကဖြစ်နေတာ့ မြို့ထဲကနေ အပြင်ထွက်လို့မရဘူး။ တိုက်ပွဲဖြစ်မှာကိုလည်း မြို့ခံတွေက ကြိုမသိတော့ ပြေးချိန်လည်းမရှိဘူး။ ခုတော့ ကိုယ့်အိမ်ထဲကို နေနေရတယ်”လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကော်မရှင်တပ်အင်အား ၂၀၀ နီးပါးဟာ ပရိက္ခရာရပ်ကွက်ရှိ ဆင်ဖြူကျွန်းမြို့ရဲစခန်းနဲ့ အမှတ် ၂ ရပ်ကွက်ရှိ အသိရိဘုရားဝန်းတွေအတွင်း လက်နက်ကြီးအထိုင်တပ်စွဲပြီး စလင်းမြို့အနောက်ဘက် ကျေးရွာတွေဖြစ်တဲ့ နွယ်တမယ်၊ ချောင်းဖြူရွာတွေဘက်ကို အဆက်မပြတ်ပစ်ခတ်နေတာပါ။
ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့လယ်ပိုင်းမှာ စစ်ကော်မရှင်တပ်ပစ်ခတ်တဲ့လက်နက်ကြီးဗုံးသီးတွေဟာ ပိုးအနောက်ရပ်ကွက်ရှိနေအိမ်တချို့ပေါ်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် မြို့ခံအမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦးအပါ ၆ ဦးခန့် ဗုံးစထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ယမန်နေ့ မနက် ၁၀ နာရီလောက်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းကို ထွက်ကြည့်တဲ့ ဆင်ဖြူကျွန်းမြို့၊ သုံးပင်တောင်ရပ်ကွက်နေ အသက် ၄၀ ဝန်း ကျင်အမျိုးသား ၁ ဦးကို စစ်ကော်မရှင်စစ်ကြောင်းက သေနတ်နဲ့ပစ်ခတ်သွားတာကြောင့် နောက်ကျောကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ ဆိုပါတယ်။



လက်ရှိ ဆင်ဖြူကျွန်းမြို့မှာ တိုက်ပွဲတွေဆက်ပြင်းထန်နေပြီး စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေသလို ဒီကနေ့မနက်ပိုင်းမှာပဲ တိုက်ပွဲဖြစ်ပွားရာနေရာတွေအနီးကို တိုက်လေယာဥ် ၂ စီးနဲ့ တိုက်ခိုက်နေတယ်လို့ အထက်ပါမြို့ခံက ပြောပါတယ်။
” ခုလေးတင်ပဲ ဖိုက်တာနဲ့ လှည့်ပတ်ပစ်နေတာ နွယ်တမယ်တံတားဘက်နဲ့ မြို့အစပ်နေရာတွေကို စက်လက်တွေနဲ့လည်း ဆက်တိုက်ပစ်နေတာ ” လို့ သူက ပြောပါတယ်။
မြို့တွင်းမှာလည်း စစ်ကော်မရှင်တပ်က အမှတ် ၂ နဲ့ အမှတ် ၃ ရပ်ကွက်တွေမှာ အင်အား ၅၀ စီနဲ့ ကင်းပုန်းဝပ်နေပြီး ထပ်မံအင်အားဖြည့်တင်းတာတွေလည်း လုပ်ဆောင်နေကာ ဆင်ဖြူကျွန်းမြို့ကို အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာလည်း ဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ




















