မြေလတ်အသံ၊ ဒီဇင်ဘာ ၁၅၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နဲ့ မင်းကွန်းတိုက်နယ်တို့မှာ ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၄ ရက်မနက် ၁၁ နာရီကျော်မှာ မော်လိုက်မြို့နယ်၊ ဆွတ်နန်းရွာနဲ့ မီတာ ၈၀၀ ဝေးတဲ့ ရန်ကင်းတောင်မှာ ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်းစစ်သား ၆ ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။


“ဆွတ်နန်းရွာက ပြည်သူ့စစ်ရွာ။ အဲ့ရွာကနေ ၉ ရက်နေ့က ကျနော်တို့ထိန်းချုပ်ထားတဲ့ ရန်ကင်းတောင်ကို အင်အား ၁၂၀ နဲ့စစ်ကြောင်းထိုးလာတာ။ အဲ့နေ့က ၁၀ မိနစ် လောက်တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ဖက်က အင်အားနည်းလို့ပြန်ဆုတ်ခဲ့တယ်။ ၁၄ ရက်နေ့မှာ ကျနော်တို့ပြန်ပြီး တိုက်ခိုက်တာ။ အဲ့မှာ စကစ တွေသေဆုံးတယ်။ ပြန်ဆုတ်သွားတယ်။ အလောင်းတွေကို အခုထိလာမကောက်သေးဘူး”လို့ Mawlaik Revolution မှတာဝန်ရှိသူက ပြောပါတယ်။
တိုက်ပွဲအတွင်း ၁၂၂ မမ ရှော့တိုက်ဒုံး ၇ လုံး၊ MA-1 ၁ လက်၊ MA-3 ၁လက်၊ MA-15 ၁ လက်၊ G-3 ၁ လက်၊ ကျည်ဘောက် ၁၃ ခု၊ ကျည်မျိုးစုံ ၁၂၀၀ တောင့်တို့ကိုရရှိခဲ့တယ်လို့ သူက ဆိုပါတယ်။



တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကော်မရှင်တပ်သားတွေက ဆွတ်နန်းကျေးရွာစခန်းနဲ့ မော်လိုက်မြို့ပေါ်ရှိတပ်ရင်းတွေကနေ ရန်ကင်းတောင်ကို ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို ဒရုန်းတွေနဲ့ပါ ဗုံးသီး ချတိုက်ခိုက်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိ သူကပြောပါတယ်။
အလားတူဒီဇင်ဘာ ၁၀ ရက် ညနေ ၄ နာရီကျော်ကလည်း မင်းကွန်းနယ်မြေရဲစခန်းက နေ စစ်ကြောင်းထိုးထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ တပ်မ-၃၃ စစ်ကြောင်းကို ချောင်းမကြီးကျေးရွာ အနီးမှာ တော်လှန်းရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းက အထိနာပြီးပြန်ဆုတ်သွားတယ်ဗျ။ သေဆုံး၊ ဒဏ်ရာရရှိနိုင်တယ်ဗျ။ တိုက်ပွဲဖြစ်ပြီး တရက်အကြာ ၁၂ ရက်နေ့မှာတော့ အဲ့စစ်ကြောင်းက တန်ပြန်ထိုးလာတယ်။ ထုံးဘိုရွာနဲ့ မယ်ဇလီရွာတွေမှာ ဝင်ရောက်တပ်စွဲထားတယ်ဗျ”လို့ People Servant Force မှတာဝန်ရှိသူတဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်တွေဆီကနေ ၇.၆၂ အမျိုးအစား G-3 ကျည် ၈၅၅ တောင့် ၊ ၅.၅၆ ကျည် ၇၉၆ တောင့်၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ RPGအသီး ၃ လုံး၊ ပို့ကျည် ၃ တောင့်၊ အီနာဂါ M9 ၁ လုံး၊ ငါးကြင်းမှီးပြောင်း ၁ ပြောင်း၊ MA ကျည်ဘောက် ၃ ဘောက်၊ MA2 ဘောက်အဝိုင်း ၁ ခု နဲ့စစ်အသုံးအဆောင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သူကဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို People Servant Force နဲ့ မဟာမိတ်တွေဖြစ်ကြတဲ့ မင်းကွန်းတိုက်နယ် ပ.က.ဖ၊ ယူနီကွန်းတပ်ဖွဲ့၊ ရတနာပုံတပ်ဦး၊ No More Dictatogrship-NMD၊ ချမ်းစည်ရိုင်ဖယ် တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
စာတည်း – လင်း





















