လေထုညစ်ညမ်းမှုကြောင့် ချင်းမိုင်ခရိုင်မှာ သဘာဝဘေးအန္တရာယ်ဇုန်အဖြစ် ကြေညာရန် ပြင်ဆင်

0 27
0 27

မြေလတ်အသံ၊ မတ် ၃၁၊ ၂၀၂၆။

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်မှာ အဆိပ်သင့် PM2.5 (အချင်းဝက် 2.5 မိုက်ခရိုမီတာထက် သေးငယ်သောအမှုန်အမွှားများ) လေထုညစ်ညမ်းမှုကို ထိန်းချုပ်မယ့်လုပ်ငန်းစဉ်တွေ တင်းတင်းကျပ်ကျပ်လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ The Nation Thailand သတင်းဌာနက ဖော်ပြပါတယ်။

ချင်းမိုင်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး Siwakorn Buapong ရဲ့ ပြောကြားချက်အရ ချင်းဒေါင်မြို့နယ်၊ မောင်းနား မှာ PM2.5 ပမာဏ ၁ ကုဗမီတာကို ၁၂၅ မိုက်ခရိုဂရမ်(µg/m³)အထက် ၄ ရက်ဆက်တိုက် မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ဧပြီလ ၁ ရက် မှာ ခရိုင်အာဏာပိုင်တွေက အဆိုပါဒေသကို သဘာဝဘေးအန္တရာယ်သင့်ဒေသအဖြစ် ကြေညာဖို့စဉ်းစားနေပြီး နယ်လှည့်ဆေးကုသရေးအဖွဲ့တွေကို စေလွှတ်သွားမယ်လို့ သိရပါတယ်။

Photo ; The Nation Thailand

ယမန်နေ့ မတ်လ ၃၀ ရက်က အမှုန်အမွှားညစ်ညမ်းမှု (PM2.5) ကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဒုတိယအုပ်ချုပ်ရေးမှူးက ပြောကြားရာမှာ အဆိုးရွားဆုံး ထိခိုက်ခံစားရတဲ့ တိုက်နယ်နဲ့ ကျေးရွာအဆင့် နေရာတွေကို အရေးပေါ်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ဖို့အတွက် ဘေးအန္တရာယ်သင့်ဒေသအဖြစ် သတ်မှတ်ရန် စဉ်းစားနေတာလို့ ဆိုပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ စည်းမျဉ်းတွေအရ PM2.5 ပမာဏ ၁ ကုဗမီတာကို ၁၂၅ မိုက်ခရိုဂရမ် (µg/m³) ထက် ကျော်လွန်ပြီး အဆိုပါပမာဏအတိုင်း ၅ ရက်ဆက်တိုက် ဖြစ်ပေါ်နေပါက အဆိပ်သင့်မြူခိုးဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်နိုင်တယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေအရ ချင်းဒေါင်မြို့နယ်၊ မောင်းနားမှာ ၄ ရက်ဆက်တိုက် စိုးရိမ်ရတဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး အကယ်၍ မတ်လ ၃၁ ရက်မှာ အခြေအနေတိုးတက်မလာပါက ဘေးအန္တရာယ်ဇုန်အဖြစ် ကြေညာရန် သတ်မှတ်ချက်နဲ့ ကိုက်ညီသွားမှာ ဖြစ်ပါတယ်။

Photo ; The Nation Thailand

ချင်းဒေါင်မြို့နယ်က စိုးရိမ်ရတဲ့အဆင့်မှာ ရှိနေပေမယ့် ချင်းမိုင်မြို့တွင်းကတော့ သဘာဝဘေးအန္တရာယ်ဇုန်အဖြစ် ကြေညာရန် သတ်မှတ်ချက်နဲ့ မကိုက်ညီသေးကြောင်း ဒုတိယအုပ်ချုပ်ရေးမှူးက အလေးအနက် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဘေးအန္တရာယ်ဇုန် ကြေညာရာမှာ ဘတ်ဂျက်စီမံခန့်ခွဲမှုနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ တိကျစေဖို့အတွက် ခရိုင်တခုလုံးကို မကြေညာဘဲ ထိခိုက်မှုရှိတဲ့ နေရာတွေကိုပဲ သီးသန့်အာရုံစိုက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ချင်းမိုင်မြို့ရှိ လေထုအရည်အသွေးညွှန်းကိန်း (AQI) အနီရောင်အဆင့်ရှိဒေသတွေက ပြည်သူတွေအတွက် အကြံပြုချက်အနေနဲ့ အိမ်ပြင်ထွက်ပါက N95 နှာခေါင်းစည်း တပ်ဆင်ရန်၊ တံခါးနဲ့ ပြတင်းပေါက်တွေကို လုံခြုံအောင်ပိတ်ထားပြီး လေသန့်စင်စက်ရှိပါက အသုံးပြုရန်၊ ချောင်းဆိုး ရင်ဘတ်အောင့်ခြင်း သို့မဟုတ် မျက်စိစပ်ခြင်းကဲ့သို့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို ဂရုစိုက်ရန်သတိပေးထားကာ အဆိုပါလက္ခဏာဖြစ်ပေါ်လာပြီး မသက်သာပါက ဆေးကုသမှုခံယူဖို့ သို့မဟုတ် ကျေးရွာကျန်းမာရေးစေတနာ့ဝန်ထမ်းတွေကို ဆက်သွယ်ဖို့ တိုက်တွန်းထားပါတယ်။

Source ; The Nation Thailand

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။