ရွှေဘို၊ ဒီဇင်ဘာ ၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကော်မရှင်ဘက်ကသေဆုံးသူများကာ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့ ၉၇၀၆ တပ်ရင်း ဒေါင်းနီတပ်ဖွဲ့က ဒီဇင်ဘာ ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၇ ရက် မနက် ၆ နာရီခန့်မှာ ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ၆ နာရီကျော်ကြာတိုက်ခိုက်ခဲ့ပြီး အဲ့ဒီနေ့ ညနေ ၃ နာရီခန့်မှာ စိုင်နိုင်လေးရွာကို ရွေဘိုမြို့ကနေစစ်ကူလာတဲ့ အင်အား ၇၀ ခန့်ပါစစ်ကြောင်းကို ရွှေဘို တောင်ဘက်အထွက် ရွှေဘိုမြို့နဲ့ တာဂဏန်းကျေးရွာကြားမှာ ၂ နာရီကျော်ကြာထပ်မံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စိုင်နိုင်လေးမှာဖြစ်ပြီးတော့ လိုက်ရှင်းလင်းရေးလုပ်တော့အလောင်းရတယ်။ ခဲယမ်းရတယ်။ ညနေပိုင်းကျတော့ ထွက်သွားတယ်။ ဘုန်းဘွဲရွာထဲဝင်သွားတယ်။ အဲ့မှာလည်းရှင်းလင်းရေးလုပ်တယ်။ ရှင်းလင်းရေးလုပ်နေတဲ့အခါမှာ ဖြတ်တောက်ရေးကိုလည်း ရွှေဘိုဘက်က စစ်ကူလာတဲ့ အင်အား ၇၀ ကျော်လောက်ပါတယ်။ အဲ့စစ်ကြောင်းကလည်း ညီနောင်တွေနဲ့ပေါင်းပြီး နှစ်ဖွဲ့ခွဲပြီးလုပ်တော့ အဲ့မှာလည်း အလောင်း ၂၀ ကျော် ၃၀ လောက်ရတယ်။ လက်နက်ခဲယမ်းတွေလည်းရတယ်”လို့ ၉၇၀၆ တပ်ရင်း ဒေါင်းနီတပ်ဖွဲ့က ဒုတပ်ရင်းမှူး နဂါးလေးက ပြောပါတယ်။
စိုင်နိုင်လေးတိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်သား ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သလို ရွှေဘိုအထွက်တိုက်ပွဲမှာတော့ ၃၀ ဦးသေဆုံးကာ ဒဏ်ရာရသူတွေလည်း များခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်တိုက်ပွဲတွေအတွင်း MA1 ၅ လက်၊ MA2 ၂ လက်၊ MA3 ၂ လက်၊ MA4 ၁ လက်၊ RPG ၁ လက်၊ RPG သီး ၁၃ လုံး၊ ၆၀ မမ ၇ လုံး၊ RPG ပို့ကျည် ၈ တောင့်၊ ကျည်ဘောက် ၁၁ ဘောက် အီနာဂါ ၂ လုံး၊ နာနတ်သီး ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေချိန် ရွှေဘိုအခြေစိုက် ခလရ ၄၂ ကနေ ဟောင်ဝှစ်ဇာနဲ့ ၁၉ ကြိမ် ပစ်ခတ်ပြီး၊ မုံရွာ နမခမှ ၃ စီး၊ Y12 တွေနဲ့လည်း ဗုံးကြဲခဲ့တယ်လို့ ၉၇၀၆ တပ်ရင်း ဒေါင်းနီတပ်ဖွဲ့က ဒုတပ်ရင်းမှူး နဂါးလေး ကပြောပါတယ်။
“ရွှေဘိုမြို့ထဲကနေ ဟောင်ဝင်ဇာနဲ့လှမ်းထုတာ။ ကျနော်တပ်ထောက်အရာရှိက ဟောင်ဝစ်ဇာ ထိတာပေါ့။ ပထမအလုံး ၃ ချက်ပစ်တာ ကျနော်တို့ရဲဘော်တွေရှိနေတဲ့နေရာ။ ဒုရင်းမှူး၊ တပ်ထောက်အရာရှိနဲ့ ဒရုန်းတာဝန်ခံတွေရှိတဲ့နေရာကို ကောင်တာပြန်ပစ်တာမှာ သူတို့ရှိတဲ့ပွိုင့်ကို ပစ်တော့ ထိပြီးတခါတည်းကျတာ။ ကျန်တဲ့သူတွေကဒဏ်ရာရတယ်။”လို့ ဒုတပ်ရင်းမှူး နဂါးလေးက ဆက်ပြောပါတယ်။
လက်နက်ကြီးထိလို့ ၉၇၀၆ တပ်ရင်း ဒေါင်းနီတပ်ဖွဲ့က တပ်ထောက်အရာရှိ ဒင်ကြီး ကျဆုံးခဲ့သလို ရွှေဘိုပကဖက တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ရွှေဘိုခရိုင်တပ်ရင်း (၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၉၇၀၆ – Together We Can)၊ ဝက်လက်/ရွှေဘိုမြို့နယ်ပကဖ/ဒီပဲယင်း ပကဖ အဖွဲ့များ ဒေသခံ တိုက်နယ် ပကဖတွေနဲ့ Drone အဖွဲ့တွေနဲ့မဟာမိတ်ပူးပေါင်းတပ်တွေက စုပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
တိုက်ပွဲပြီးနောက် ရွှေဘိုမြို့ကနေ စစ်ကူထွက်လာတဲ့စစ်ကြောင်းဟာ ရွေဘိုမြို့ထဲပြန်ဝင်သွားပြီး စိုင်နိုင်လေးကျေးရွာကစစ်ကြောင်းကတော့ ဘုန်းဘွဲရွာထဲဝင်ရောက်သွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၀ ရက်ကလည်း ရွှေဘိုမြို့နယ်၊ တာဂဏန်းကျေးရွာမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ကာ စစ်ကော်မရှင်ဘက်က ၄ ဦးသေဆုံးပြီး ရွှေဘိုမြို့နယ်ပကဖ အဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း