လက်ပံတန်း၊ မေ ၂၈၊ ၂၀၂၅။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦးကို မေ ၂၇ ရက်မနက် ၁၁ နာရီကျော်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
အသတ်ခံရသူမှာ မြေစီးကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၃၀ အရွယ် ချစ်လင်းဖြစ်ပြီး သူ့အိမ်မှာ တဦးတည်းရှိနေချိန်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“သူ့အိမ်ကမိသားစုက ပုန်းနေလား ထွက်ပြေးတာလားမသိဘူး။ တယောက်မှထွက်မလာဘူး။ အိမ်ဝင်ချိန်မှာတော့ သူကထွက်ပြေးဖို့ကြံတုန်း ၉ မမနဲ့ ၂ ချက်ပစ်ခတ်လိုက်တာ”လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင်ပကဖ၊ အမှတ် (၁) တိုက်ခိုက်ရေးတပ်ဖွဲ့မှ တာဝန်ခံကဆိုပါတယ်။
ကိုချစ်လင်းကို ပြီးခဲ့တဲ့ ၂၀၂၄၊ အောက်တိုဘာလမှာ စစ်ကောင်စီတပ်က မြေစီးကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးအဖြစ်ခန့်ခဲ့တာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူးမဖြစ်ခင်ကတည်း စစ်ကောင်စီတပ်တွေပေါင်းကာ စစ်မှူထမ်းဥပဒေကိုအကြောင်းပြပြီး လူငယ်တွေကိုဖမ်းဆီးရာမှာ ကိုယ်တိုင်ပါဝင်နေသူဖြစ်တယ်လို့ လည်း သိရပါတယ်။
ပြီးခဲ့တဲ့မေ ၂၁ ရက်ကလည်း လက်ပံတန်းမြို့နယ်၊ သိုက်ဝါးချောင်းကျေးရွာနေ စစ်ကောင်စီတပ် သတင်းပေး ရာအိမ်မှူးအုန်းသန်းကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း