မြေလတ်အသံ၊ မေ ၁၄၊ ၂၀၂၆။
မြန်မာစစ်တပ်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(တပ်ချုပ်) ရာထူးကို ယခင်စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထံ မတ်လ ၃၀ ရက်မှာ လွှဲပြောင်းပေးလိုက်ပါတယ်။
အခုတပ်ချုပ်လွှဲပြောင်းမှုဟာ ၂၀၁၁ မတ်လက စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးလွှဲပြောင်းရယူခဲ့ချိန်က စစ်တပ်ရဲ့ အခင်းအကျင်းတွေနဲ့ကတော့ ကွာခြားနေပါတယ်။
ရဲဝင်းဦး တပ်ချုပ်မဖြစ်မီ ၂၀၂၁ ဖေဖော်ဝါရီ ကနေ ၂၀၂၆ ဖေဖော်ဝါရီအထိ စစ်အာဏာသိမ်း ၅ နှစ်တာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ နေပြည်တော် စစ်ရုံးချုပ်ပြီးရင် အကြီးဆုံးစစ်ဌာနချုပ်တွေဖြစ်တဲ့ လားရှိုး ရမခနဲ့ အမ်း နပခတိုင်းစစ်ဌာနချုပ် ၂ ခုအပါ တပ်ဌာနချုပ်၊ စခန်းပေါင်း ရာနဲ့ချီ လက်လွှတ်လိုက်ရတဲ့အထိ စစ်ရှုံးထားတာပါ။
ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကိုတော့ စစ်အင်္ဂါစဥ်ကနေဖယ်ထုတ်ထားတာမရှိဘဲ မူလအတိုင်းဆက်လက်ထားရှိပြီး မင်းအောင်လှိုင်နဲ့ ရဲဝင်းဦးအကြား “တပ်ချုပ်တာဝန်ဝတ္တရား” လွှဲပြောင်း/လက်ခံမှတ်တမ်းမှာလည်း အဲ့ဒီ တပ်စခန်းတွေကို စာရွက်ပေါ်မှာသာ လက်မှတ်ထိုးလွှဲပြောင်းနိုင်ခဲ့တယ်လို့ တပ်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
ဒါကြောင့် တပ်ချုပ်အသစ် ရဲဝင်းဦး ဟာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် ရင်ဆိုင်နေရတဲ့ နိုင်ငံအနှံ့တိုက်ပွဲတွေအကြား ပျက်စီးလုနီးနီးစစ်တပ်ကို လွှဲပြောင်း ရယူခဲ့ရတဲ့ ခေတ်ပျက်တပ်ချုပ်တဦးအဖြစ်သာ CDM တပ်မတော်သားတွေနဲ့ စစ်သားဟောင်းတွေက ရှုမြင် နေကြတာပါ။
တ/ ၊ ကြည်းသုံးသောင်း
“တ/ ၊ ကြည်းသုံးသောင်း” ဆိုတာဟာ နဝတခေတ်စစ်သားဟောင်းတွေက လက်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင် တွေကို နှိမ့်ချခေါ်ဆိုတဲ့ စစ်တပ်တွင်း အမည်နာမတခုပါ။
တ/ ကတော့ စစ်ကော်မရှင်တပ်မှာ လက်ရှိ ရှိနေတဲ့ ကိုယ်ပိုင်အမှတ် “တ/” နဲ့စတဲ့ အခြားအဆင့်စစ်သားတွေကို ဆိုလိုတာဖြစ်ပြီး “ကြည်းသုံးသောင်း” ဆိုတာက အရာရှိတွေကို ညွှန်းဆိုတာပါ။
မြန်မာစစ်တပ်မှာ ကိုယ်ပိုင်အမှတ် “တ/” ကို အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်နဲ့နောက်ပိုင်း ဝင်ရောက်တဲ့ စစ်ကော်မရှင်တပ်သားတွေကနေ စတင်ပါတယ်။
အလားတူ “ကြည်းသုံးသောင်း” ဆိုတာဟာ ၂၀၀၀ ဝန်းကျင်မှာ စစ်တပ်အရာရှိဖြစ်လာတဲ့ ပြန်တမ်းဝင်အမှတ် ကြည်း/၃၀၀၀၀ နဲ့အထက်ကို ဆိုလိုတာ ဖြစ်ပြီး အကြမ်းဖျဥ်းအားဖြင့် DSA အပတ်စဥ် ၄၀ ဝန်းကျင်နဲ့ နောက်ပိုင်း ကာလတူ အလုပ်သင်ဗိုလ်၊ ဗိုလ်သင်တန်းကျောင်း၊ စစ်နည်းပညာတက္ကသိုလ်နဲ့ စစ်ဆေးတက္ကသိုလ်စတဲ့ ကျောင်းဆင်းစစ်ဗိုလ်တွေလို့ နားလည်နိုင်ပါတယ်။
ရဲဝင်းဦးတပ်ချုပ်ဖြစ်လာချိန် လက်ရှိ စစ်ကောင်စီတပ်မှာ အထက်ပါ DSAအပတ်စဥ်ဝန်းကျင် စစ်ဗိုလ်ချုပ် တွေက ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်လာပြီး သူတို့နောက်ပိုင်း စစ်ဗိုလ်ချုပ်တွေကပဲ အဆင့်ဆင့်ခေါင်းဆောင် ရာထူးတွေ ရရှိလာတာပါ။
ဥပမာအားဖြင့် လက်ရှိစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ကြည်း/ရေ/လေ ညှိကွပ် ၊ ကစထမှူး၊ အရာရှိ ချုပ်တွေနဲ့ စစ်တိုင်းမှူး အများစုဟာ DSA အပတ်စဥ် ၃၈ ကနေ ၄၂ အထိနဲ့ ကာလတူ ကျောင်းဆင်းခဲ့တဲ့ အလုပ်သင်ဗိုလ်အပတ်စဥ် ၂၄ ဝန်းကျင်တွေက စစ်ဗိုလ်ချုပ်တွေဖြစ်ပါတယ်။
လက်ရှိမြန်မာစစ်တပ်ရဲ့တိုက်ခိုက်နိုင်တဲ့အသက်အရွယ်ပိုင်းခြား ၁၈ နှစ်ကနေ ၄၀ ကျော်ဝန်းကျင် အရာရှိ၊ အခြားအဆင့်တွေဟာလည်း အဲ့ဒီကာလတွေမှာ စစ်တပ်ထဲဝင်ရောက်လာသူတွေပဲ ဖြစ်ပါတယ်။
“ တ/ ၊ ကြည်းသုံးသောင်း” လို့ ဘာကြောင့် ခေါ်ကြလဲ
၂၀၀၀ ဝန်းကျင်ကာလဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ နအဖစစ်အစိုးရခေတ်ကာလဖြစ်ပြီး စစ် တပ်အရာရှိတွေက ယူနီဖောင်းချွတ်အသွင်ပြောင်းနဲ့ အုပ်ချုပ်ရေးပိုင်းအများစုမှာ ပါဝင်နေတဲ့အပြင် စစ်ယူနီဖောင်းဝတ်ထားရင် လုပ်ချင်ရာလုပ်ခွင့်ရတဲ့ စစ်တပ်ခေတ် ဖြစ်နေတာပါ။
ဒါ့အပြင် အဲ့ဒီကာလတွေမှာ အလုပ်အကိုင်အခွင့်အလမ်းအကြပ်အတည်းကြုံတွေ့သူတွေ၊ နည်းလမ်းပေါင်း စုံနဲ့ အကြပ်ရိုက်စုဆောင်းခံရသူတွေအများအပြားသာ မြန်မာစစ်တပ်အတွင်းကို ရောက်ရှိလာတာပါ။
အဲ့ဒီလို နိုင်ငံနဲ့ပြည်သူကို ကာကွယ်ဖို့နဲ့ စစ်တိုက်လိုစိတ် ခံယူချက်မရှိဘဲ ပြည်သူအပေါ်ဗိုလ်ကျစိုးမိုးနိုင်တဲ့ အခွင့်အရေးကို မျှော်ကိုးကာ၊ အလုပ်မရှိစစ်ထဲဝင် လုပ်စားဂွင်ရှာလိုသူအများစု တဖွဲဖွဲဝင်ရောက်ပြီး စနစ်တကျနဲ့ ယိုယွင်းပျက်စီးလာတဲ့အခြေအနေတွေကို မြင်တွေ့နေတဲ့ နဝတခေတ်စစ်သားတွေက တပ်ပျက်ရာပျက်ကြောင်းကို ဦးတည်နေလို့ “တ/၊ ကြည်းသုံးသောင်း” ကို သုံးစားမရတဲ့စစ်သားတွေဆိုတဲ့သဘောမျိုးနဲ့ အမည်ပေးခဲ့ကြတာပါ။
တဖက်မှာလည်း အဲ့ဒီကာလတွေမှာ မြန်မာစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အများစုနဲ့ ငြိမ်း ချမ်းရေးရယူထားနိုင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA ၊ ရှမ်းလက်နက်ကိုင်တချို့အပါအဝင် တိုင်းရင်းသားနယ်မြေအလိုက် ထိတွေ့တိုက်ပွဲလောက်သာဖြစ်ခဲ့ကာ ၁၉၈၀၊ ၁၉၉၀ နှစ်ပိုင်းတွေလောက် တိုက်ပွဲကြီးကြီးမားမားရယ်လို့ မရှိတော့ဘဲ စစ်အေးကာလလို့လည်း ဆိုနိုင်ပါတယ်။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကနေ ၂၀၂၁ စစ်အာဏာမသိမ်းမီကာလတွေအထိ နှစ်ပေါင်း ၂၀ ကြာ ကြားကာလ တလျှောက်တိုက်ပွဲတွေကို ပြန်ကြည့်ရရင် ၂၀၁၁ ကချင်ပြည်နယ်တိုက်ပွဲ၊ ၂၀၁၅ လောက်ကိုင်၊ ၂၀၁၇ ရခိုင် ပြည်နယ် စတဲ့ဒေသတိုက်ပွဲတွေမှာ ပြင်းထန်တာတွေရှိခဲ့ပေမယ့် မြို့နဲ့တပ်စခန်းဌာနချုပ်တွေ သိမ်းပိုက်ခံရတဲ့အထိတော့ မရှိခဲ့တာပါ။
အဲ့ဒီတိုက်ပွဲတွေဟာလည်း ၃ လကနေ ၂ နှစ်အကြား တိုက်လိုက်၊ ရပ်လိုက်ပုံစံ ကာလတို တိုက်ပွဲမျိုးသာ ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်ရေးတပ်မအများစုဟာ အနားရတဲ့ကာလတွေလည်း ဖြစ်ပါတယ်။ နာမည်ကျော်တပ်မ ၄၄ လို တပ်မမျိုးတောင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာချိန် နောက်ပိုင်း “ကကကြည်းအရံတပ်မ” ဆိုကာ ကာလရှည်အနားရခဲ့တယ်လို့ တပ်မ ၄၄ က CDM စစ်သား ဟောင်းတဦးက ပြောပါတယ်။
ဒါကြောင့်အဲ့ဒီနှစ်ပေါင်း ၂၀ အတွင်း ရေတပ်၊ လေတပ်နဲ့ လက်နက်ထုတ်လုပ်ရေးလို့ခေါ်တဲ့ ကပစတပ်တွေ အပါအဝင် လက်ရုံးတပ်အများစုရဲ့ တပ်ဖွဲ့ဝင်တွေဟာ ရှေ့တန်းစစ်ဆင်ရေးမဆိုထားနဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းတွေမှာ စက်ပစ်ကွင်းပစ်ခတ်စဥ်ပါမှသာ သေနတ်ဖောက်သံကြားဖူးသူတွေပါ။
တ/၊ ကြည်းသုံးသောင်းနဲ့ ၁၀၂၇
၂၀၂၁ ဖေဖော်ဝါရီမှာ မြန်မာစစ်တပ်ကအာဏာသိမ်းခဲ့တာရဲ့နောက်ဆက်တွဲဖြစ်စဥ်တွေမှာ နိုင်ငံရေးအရ ပြောင်းလဲမှုတွေ အများအပြားဖြစ်ခဲ့သလို စစ်တပ်အတွင်းမှာလည်း ပြောင်းလဲလှုပ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါ တယ်။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့လှုပ်ရှားမှု CDM မှာ နယ်ဘက်ဝန်ထမ်းပေါင်းစုံက ပါဝင်ခဲ့ကြသလို လက် နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်အများအပြားလည်း CDM လှုပ်ရှားမှုမှာ သောင်းနဲ့ချီပါဝင်နေတယ်လို့ CDM စစ်သားတွေနဲ့စုဖွဲ့ထားတဲ့ ပြည်သူ့ပန်းတိုင်ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်အနေနဲ့ ယခင်က ရှိရင်းစွဲတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့သာမက စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နိုင်ငံနေရာအနှံ့အပြားမှာ တိုက်ပွဲတွေနဲ့ ရင်ဆိုင်လာရပါတယ်။
မြန်မာစစ်တပ်အတွက် အရှက်ရဖွယ်အကောင်းဆုံးနဲ့ ဆုံးရှုံးမှုအများဆုံးတိုက်ပွဲတွေကတော့ ၂၀၂၃ အောက်တိုဘာ ၂၇ မှာ စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်တပ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ နောက်ဆက်တွဲတိုက်ပွဲတွေပါ။
၁၀၂၇ စစ်ဆင်ရေးမှာ စစ်ရှုံးတာဟာ နဝတခေတ်စစ်သားတွေသုံးသပ်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် “တ/၊ ကြည်းသုံးသောင်း” ရဲ့ တိုက်လိုခိုက်လိုစိတ်နဲ့ စစ်ရေးစွမ်းရည် ဘယ်လောက်ထိကင်းမဲ့တယ်ဆိုတာ သက်သေခံနေပါတယ်။
ယခင်က ရှေ့တန်းစစ်ဆင်ရေးစခန်းတွေလောက်သာ အသိမ်းခံခဲ့ရတဲ့ မြန်မာစစ်တပ်ဟာ ၁၀၂၇ မှာ တိုင်းစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အခြေချစစ်ဗျူဟာဌာနချုပ်နဲ့ တပ်ရင်း တပ်ဖွဲ့အများအပြားကိုပါ သိမ်းပိုက်ခံခဲ့ရတာပါ။
ရှမ်းမြောက်ဒေသတခုလုံးမှာ လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တခုကလွဲရင် ကျန် ဒကစ၊ စစ်ဗျူဟာ တွေနဲ့ တပ်ရင်းဌာနချုပ်စခန်းတွေဟာ ရက်ပိုင်းလောက်သာခံတိုက်ပြီး စစ်ကောင်စီတပ်သား ထောင်နဲ့ချီ အလံဖြူထောင် လက်နက်ချအညံ့ခံခဲ့တာပါ။
အလားတူ ရခိုင်ဒေသစစ်ဆင်ရေးတွေမှာလည်း ကြည်း/ရေ/လေ ပေါင်းတိုက်သည့်တိုင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပါ ဆုံးရှုံးခဲ့ရပြီး ရခိုင်မှာ စစ်တပ်အာဏာသက်ရောက်တာ ၃ မြို့သာကျန်ပါတော့တယ်။
၁၀၂၇ နောက်ဆက်တွဲ ရှမ်း-မန်းစစ်ဆင်ရေး၊ ရခိုင်ဒေသတိုက်ပွဲတွေမှာ တိုင်းမှူး၊ ဒကစမှူး၊ တပ်မမှူး စစ်ဗိုလ်ချုပ်တွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်အများအပြား သေဆုံး၊ဒဏ်ရာရခဲ့ပြီး စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရမှုတွေလည်း များပြားခဲ့တာပါ။
အဲ့ဒီလိုဖြစ်စဥ်တွေကြောင့်လည်း စစ်တပ်ထောက်ခံသူတွေနဲ့ တပ်မိသားစုဝင်တွေအကြား ဝေဖန်မှုတွေ မြင့် တက်ခဲ့ပြီး စစ်ခေါင်းဆောင်တွေလည်း အကြပ်ရိုက်ခဲ့ကြရတာပါ။
လက်ရှိမှာ လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ နယ်မြေတချို့ကို တရုတ်ရဲ့ကြားဝင်ညှိနှိုင်းမှုအကူအညီနဲ့ ပြန်လည်တပ်စွဲထားနိုင်ပေမယ့် ရှမ်းမြောက်ဒေသအများစုကို ကိုးကန့်တပ်နဲ့ တအာဝ်းတပ်တွေကပဲ အဓိက ထိန်းချုပ်ထားတာပါ။
ဒေသတွင်းနိုင်ငံတွေတောင် ငြင်းဆန်ဖို့ခက်ခဲတဲ့ ကမ္ဘာ့စူပါပါဝါနိုင်ငံတရုတ်ရဲ့ ဖိအားကို မြန်မာတိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ အလျှော့ပေးဆွေးနွေးခဲ့ရတဲ့အခြေအနေတွေကြောင့်လည်း အခုလိုနယ်မြေတချို့ကို ပြန်လည်လက်လွှတ်လိုက်တာကြောင့် စစ်တပ်ကတပ်စွဲနိုင်ခဲ့တာပါ။
ပထဝီအနေအထားအရ တရုတ်နဲ့အလှမ်းဝေးတဲ့ ရခိုင်ဒေသနယ်မြေတွေမှာတော့ စစ်တပ်အနေနဲ့ ၂ နှစ်ကျော်ကြာအထိ ပြန်လည်နားလန်မထူနိုင်ဘဲ လက်ကျန် ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့တွေက တပ်၊စခန်း တွေမကျအောင်သာ ကျားကန်နေရတာလည်း ဖြစ်ပါတယ်။
စစ်ရှုံးစစ်တပ်မှာ“တ/၊ ကြည်းသုံးသောင်း” ပြုန်းတီအင်အားများပြားလာတာကြောင့်လည်း ၂၀၂၄ အစပိုင်းမှာ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်း အဓမ္မစုဆောင်းမှုတွေကြောင့် လက်ရှိရှေ့တန်းစစ်ဆင်ရေးတွေမှာ စစ်မှုထမ်းသင်တန်းဆင်းတွေနဲ့အစားထိုးပြီး ဟန်မပျက်ဆက်ရှိနေနိုင်တာပါ။
ဒါကြောင့် မင်းအောင်လှိုင် တပ်ချုပ်လက်ထက် စစ်ရှုံးထားတဲ့နယ်မြေတွေနဲ့ တပ်၊ ဌာနချုပ်တွေကို လက်ရှိတပ်ချုပ် ရဲဝင်းဦး က လေယာဥ်မပါရင် စစ်မတိုက်တတ်တော့တဲ့ “တ/ ကြည်းသုံးသောင်း”နဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေကို ဦးဆောင်ပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။