ဩဂုတ် ၂၈၊ ၂၀၂၆။
တပ်မတော်ရဲ့ အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ၁၉၈၈ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် မြေပေါ်မြေအောက်အဖျက်သမားတွေရဲ့ တိုင်းပြည်ဆူပူအံ့ဩစေမှုနဲ့ မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေကြောင့် ဆိုးရွားစွာနဲ့ တိုင်းပြည်ပြိုကွဲမယ့် အခြေအနေမှာ တပ်မတော်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အပြည့်အဝအချိန်မီတာဝန်ယူခဲ့ရတယ်လို့ တပ်ချုပ်သစ်ဖြစ်လာတဲ့ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောပြန်ပါတယ်။
ဒီစကားဟာ အာဏာသိမ်းစစ်တပ်ရဲ့ခေါင်းဆောင်အဆက်ဆက်က အာဏာသိမ်းမှုဖြစ်စဉ်တိုင်းမှာ အကြောင်းပြ သုံးနှုန်းကြတဲ့ စကားလည်းဖြစ်ပြီး မကြာသေးခင်က တပ်ချုပ်အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကလည်း ပြောဆိုလာပြန်ပါတယ်။
ယမန်နေ့ ဩဂုတ်လ(၂၇) ရက်နေ့က ပြင်ဦးလွင်တပ်နယ် တပ်မတော်နည်းပညာတက္ကသိုလ် နည်းပြတွေနဲ့ ဗိုလ်လောင်း၊ ဘွဲလွန်သင်တန်းသားတွေနဲ့ တပ်နယ်က အရာရှိ၊ စစ်သည်တွေကို တွေ့ဆုံစဉ်မှာ အခုလိုပြောခဲ့တာပါ။
“စစ်ခေါင်းဆောင်များသည် စဉ်းစားဆင်ခြင်တုံတရားနှင့် သတ္တိရှိရှိတည်ငြိမ်စွာဖြင့် မှန်ကန်သော ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် စစ်ခေါင်းဆောင်များဖြစ်ရန်လိုအပ်တယ်” လို့ လည်း တပ်ချုပ်သစ်ရဲဝင်းဦးက ပြောပါတယ်။
အုပ်ချုပ်ရေးပိုင်းမှာလည်း ညီညွတ်မျှတစွာနဲ့ ကျောသား၊ ရင်သားမခွဲခြားဘဲ မျှမျှတတကွပ်ကဲအုပ်ချုပ်ရန်လိုပြီး ကွက်ကျားမိုးရွာ၍မရကြောင်း၊ တတ်နိုင်သမျှ လူမှန်နေရာမှန် တာဝန်ပေးရန်လိုအပ်တယ်လို့ လည်း ဆိုပါတယ်။
ခေါင်းဆောင်မှုဆိုင်ရာအနေနဲ့ ခေါင်းဆောင်မှုပညာရပ်ဟာ အလွန်အရေးကြီးပြီး အမိန့်နာခံတတ်မှု၊ စစ်စည်းကမ်းကောင်းမွန်မှုတိုနှင့် ပြည့်စုံသည့် နောက်လိုက်ကောင်းဖြစ်ခဲ့မှသာလျှင် ခေါင်းဆောင်အဖြစ်သို ရောက်ရှိချိန်၌လည်း ပြည့်စုံကောင်းမွန်သည့် ခေါင်းဆောင်တစ်ဦးဖြစ်လာနိုင်မည်ဖြစ်ပြီး ခေါင်းဆောင်တဲ့သူတွေဟာလည်း အတ္တစိတ်နဲ့ တာဝန်ထမ်းဆောင်ပါက လက်အောက်ငယ်သားတွေရဲ့ယုံကြည်မှုကို ရရှိနိုင်မှာမဟုတ်ဘူးလို့ ဆက်ပြောပါတယ်။
တပ်ချုပ်ရဲဝင်းဦးဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ယုံကြည်မှုနဲ့ ကာကွယ်ရေးဦးစီးချုပ်နေရာကို တိုက်ရိုက်လွှဲပြောင်းပေးတာကို ခံရသူဖြစ်ပြီး စီနီယာတွေဖြစ်တဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ကျော်ပြီး တပ်ချုပ်နေရာကို ရောက်လာသူလည်းဖြစ်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သစ္စာတော်ခံတစ်ဦးလည်း ဖြစ်ပါတယ်။
သတင်း – စိုးဦး