မြေလတ်အသံ၊ နိုဝင်ဘာ ၇၊ ၂၀၂၅။
ယနေ့ညယှဉ်ပြိုင်နေတဲ့ One Friday Fight 132 ပွဲစဉ်ရဲ့ ဒုခေါင်ပွဲအဖြစ်ပွဲထွက်လာတဲ့ အက်တမ်ဝိတ်တန်း မွေထိုင်းပွဲမှာ တရုတ်ဖိုက်တာ လီမင်ဂူရီကို ကယန်းကျားသစ်မယ် ဘရော်နီကာ က အမှတ်နဲ့ အနိုင်ယူခဲ့ပါတယ်။
ပထမအချီမှာပဲ တရုတ်ဖိုက်တာ လီ က အတွဲလိုက်လက်သီးတွဲလုံးတွေကို ခပ်သွက်သွက်ထုတ်သုံးခဲ့ပြီး ဘရော်နီကာကတော့ အမြင့်ကန်ချက်တွေအပြင် လက်သီးတွဲလုံးတွေလည်း အသုံးပြုခဲ့ကာ ပထမအချီ ၁ မိနစ် ၁၅ စက္ကန့်မှာ ဘရော်နီကာရဲ့ ညာထောက်လက်သီးကြောင့် လီ အမှတ်စဉ်ရေတွက်ခံခဲ့ရသလို ၂ မိနစ် ၅ စက္ကန့်မှာလည်း လီရဲ့ ဘယ်ထောက်လက်သီးကြောင့် ဘရော်နီကာ အမှတ်စဉ် ရေတွက်ခံခဲ့ရတာပါ။

ဒုတိယအချီမှာ လီမင်ဂူရီက လက်သီးတွဲလုံးတွေကို ပိုသုံးလာခဲ့ပြီး ဘရော်နီကာ တွဲလုံးအကုန်မှာ ခပ်သွက်သွက်ဝင်ထိုးခဲ့ပေမယ့် ထိချက်ကောင်းမရခဲ့သလို ဘရော်နီကာရဲ့ ထိုးချက်တွေကိုလည်း သေသေသပ်သပ်ရှောင်တိမ်းနိုင်ခဲ့တာကြောင့် နှစ်ဖက်လုံးထိချက်ကောင်းမရခဲ့ပေမယ့် ဘရော်နီကာရဲ့ အမြင့်ကန်ချက် ၂ ချက်လောက်ကိုတော့ လီ မကာကွယ်နိုင်ခဲ့ပါဘူး။
နောက်ဆုံးအချီမှာတော့ လီက လက်သီးတွဲလုံးတွေနဲ့ ဘရော်နီကာကို ဖိအားပေးဖို့ကြိုးစားခဲ့ပေမယ့် တန်ပြန်လာတဲ့ ဘရော်ရဲ့အမြင့်ကန်ချက်တွေကို မရှောင်နိုင်ခဲ့သလို လီဂူရီရဲ့တွဲလုံးအကုန်မှာ ဝင်လာတတ်တဲ့ ဘရော်နီကာရဲ့ တံတောင်ရိုက်ချက်အချို့ကိုလည်း မကာကွယ်နိုင်ခဲ့တာတွေ့ရပါတယ်။

၃ ချီအပြီးမှာတော့ အမှတ်ပေးဒိုင် ၂ ဦးက ဘရော်နီကာကို အနိုင်ဆုံးဖြတ်ပေးခဲ့တာကြောင့် ကယန်းကျားသစ်မယ် အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် One Championship မှာ ဘရော်နီကာ ၃ ပွဲယှဉ်ပြိုင်ခဲ့ပြီး ၂ ပွဲဆက် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
One Friday Fight 132 မှာ စိုးနောင်ဦး၊ သန့်ဇင်နဲ့ ဘရော်နီကာတို့ ပါဝင်ထိုးသတ်နေတာဖြစ်ပြီး စိုးနောင်ဦး နဲ့ ဘရော်နီကာတို့ အသီးသီး အနိုင်ရရှိခဲ့ကာ သန့်ဇင်ကတော့ ရှုံးပွဲ ကြုံတွေခဲ့ရပါတယ်။



















