အောင်စိုး၊ ကျော်ကြီး
မြေလတ်အသံ၊ စက်တင်ဘာ ၂၂၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က လူနေအိမ်ရာနဲ့ချီမီးရှို့ခံထားရတဲ့ ကျီစုကျေးရွာကို စစ်ကော်မရှင်တပ်က စက်တင်ဘာ ၂၂ ရက်ဒီမနက် ၁ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံး ပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။
တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ကျီစုရွာကိုပေါင် ၅၀၀ ဗုံးသီး ၂ လုံးကြဲချခဲ့ရာ အသက် ၆၄ နှစ်အရွယ် ဒေါ်သန်းအေး သေဆုံးပြီး နောက်ထပ်ဒေသခံ ၁၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၂ လုံး နဲ့ စာသင်ဆောင်တို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ဒဏ်ရာရတဲ့ ပြည်သူ ၁၇ ယောက်မှာ ၅ ယောက်က ဒဏ်ရာပြင်းထန်လို့ အသက်အန္တရာယ်စိုးရိမ်ရတယ်ဗျ။ ကျန်တဲ့ ၁၂ ယောက်ကတော့ အသက်အန္တရာယ်မစိုးရိမ်ရဘူး။ အဲဒီ ၁၂ ယောက်ထဲမှာ ၇ ယောက်က တခြားရွာကနေ စစ်ရှောင်လာနေကြတာ”လို့ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒါ့အပြင် ခင်ဦးမြို့နယ်က စစ်ဘေးတိမ်းရှောင်လာသူတွေနဲ့ ကျီစုရွာခံတွေဖြစ်တဲ့ အသက် ၈ နှစ်ကနေ ၆၄ ကျော် အရွယ်ရှိ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၇ ဦးတို့ထိခိုက်ဒဏ်ရာရသွားတယ်လို့ ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ရရှိထားတဲ့အချက်အလက်တွေအရ သိရပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရေဦးအခြေစိုက် People’s Defense Comradeက တာဝန်ရှိသူတဦးကလည်း “ကျီစုရွာတောင်ပိုင်း ဘုန်းကြီးကျောင်းအပြင်ဘက် ၁ လုံး၊ ရွာမြောက်ပိုင်း စာသင်ကျောင်းအနီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရတယ်။ စစ်ကြောင်းထိုးနေတာလည်းမရှိဘူး တိုက်ပွဲဖြစ်ထားတာလည်း မရှိပါဘူး။” လို့ ပြောပါတယ်။
အိမ်ခြေ ၈၇၀ ကျော်ရှိတဲ့ ကျီစုကျေးရွာကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ၂၀၂၂၊ ဇူလိုင်နဲ့ နိုဝင်ဘာလ တို့မှာ ၂ ကြိမ်တိုင်တိုင် ဝင်ရောက်မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၇၀၀ ခန့် ပြာကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၂၊ ဇူလိုင်လအတွင်းမှာလည်း စစ်ကော်မရှင်တပ်တွေက နေအိမ်အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ကျီစုရွာထဲမှာ အစ္စလာမ်ဘာသာဝင်လူငယ် ၁၀ ဦး၊ ဗုဒ္ဓဘာသာဝင်လူငယ် ၁၅ ဦးထက်မနည်းကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တယ်လို့ ရေဦးအခြေစိုက် People’s Defense Comradeက တာဝန်ရှိသူတဦးက ပြောပါတယ်။
မီးရှို့ခံရပြီးနောက် ၁ နှစ်ကျော်ကြာ စစ်ဘေးရှောင်နေခဲ့ကြတဲ့ကျီစုရွာမှ ဒေသခံတွေဟာ ၂၀၂၄ မှာ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်ကာ ပျက်စီးနေအိမ်အစား တပိုင်တနိုင် တဲအိမ်တွေ ဆောက်လုပ်ကာ ပြန်လည်နေထိုင်ခဲ့ကြတာလို့ သိရပါတယ်။
ကျီစုကျေးရွာဟာ ကန့်ဘလူမြို့နယ်အနောက်တောင်ဘက်ခြမ်းမှာရှိပြီး ရေဦး-ခင်ဦး-ကန့်ဘလူ ၃ မြို့နယ်ချုပ်စပ်မှာရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ကာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ စုပေါင်းနေထိုင်ကြတဲ့ ကျေးရွာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအနီးရှိ တောအတွင်းတွေကို တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ပေါင် ၅၀၀ ဗုံးသီး ၂ လုံး၊ Y-12 နဲ့ ဗုံးသီး ၂၈လုံး အသီးသီးကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။
စာတည်း – လင်း၊ တည်းဖြတ် – M