မြင်းခြံ၊ နိုဝင်ဘာ ၅၊ ၂၀၂၅။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ မြင်းခြံခရိုင် တပ်ရင်း ၇ ဆီက သိရပါတယ်။
မြင်းခြံအခြေစိုက် ခမရ ၁၅ နဲ့ ၂ မိုင်အကွာရှိ စစ်ကော်မရှင်တပ်၊ ရဲနဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့အင်အား ၅၀ ဦး ခန့်တပ်စွဲနေတဲ့ အဲ့ဒီစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၄ ရက် မနေ့ နေ့လယ် ၂ နာရီမှာ စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။


” မီတာ ၁၀၀ လောက်အကွာကနေ ပစ်ခတ်နိုင်ခဲ့တယ်။ ဘန်ကာအတွင်း ပြေးဝင်ပုန်းတာကို ကျနော်ရဲ့ ရဲဘော် ပေါ့ဘာက RPG နဲ့ပစ်ခတ်ခဲ့ရာ ဘန်ကာထိမှန်ခဲ့ပြီး လွှင့်စင်ပြီးအထိနာခဲ့တယ်။ ကျနော်တို့ ခွာစစ်ဆင်တဲ့အခါမှာလည်း ဒလန် ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်” လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်းမှူး ဗိုလ်သက်ကြီးက မြေလတ်အသံကို ပြောပါတယ်။
စစ်ဆေးရေးဂိတ်ဘန်ကာတွေကို တော်လှန်ရေးတပ်တွေဘက်ကပစ်ခတ်တဲ့ RPG ဗုံးသီး ထိမှန်ခဲ့တာကြောင့် ဘန်ကာအတွင်းရှိ စစ်ကော်မရှင်တပ်သား ၈ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ သူက ပြောပါတယ်။


စစ်ကော်မရှင်တပ်ဖွဲ့ဝင်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်ပါဘူး။
” ဘန်ကာထဲက အင်အားကတော့ ၂၀ ကျော်လောက်ရှိတာ ကျနော်တို့ မျက်မြင် မြင်ရတယ်” လို့ ဗိုလ်သက်ကြီးက ပြောပါတယ်။
လယ်သစ်ရွာစစ်ကော်မရှင်တပ်စစ်ဆေးရေးဂိတ်ဟာ လမ်းသွား၊ လမ်းလာတွေကို ဖမ်းဆီးတာ၊ ဖြတ်သန်းသွားလာနေတဲ့ ကားတွေကို ခြိမ်းခြောက်ငွေတောင်းတာတွေလုပ်ဆောင်နေတဲ့ဂိတ် ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင်၊ ရွှေကံသားစစ်ကြောင်း(မြင်းခြံမြို့နယ်ပကဖ)၊ စစ်သူကြီး(ဒေါင်းစစ်သည် – zero – column- 5 )၊ ရန်ကုန်အကြီးကောင်စစ်ကြောင်း ၁၊ ရွှေကံသားစစ်ကြောင်း ၂ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ



