■ ကနီမှာလည်း ဗုံးကြဲခံရလို့ နေအိမ်တွေပျက်စီး
မုံရွာ၊ ဖေဖော်ဝါရီ ၄၊ ၂၀၂၆ ။
စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ကနီမြို့နယ်တွေမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် လူ ၂ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းဆောင်တွေနဲ့ နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မုံရွာမြို့နယ်၊ သက္ကယ်ကျင်းရွာဘုန်းကြီးကျောင်းနဲ့ ဘုရားဝန်းထဲကို ဖေဖော်ဝါရီ ၄ ရက် ဒီကနေ့မနက် ၅ နာရီကျော်မှာ နမခက လာတဲ့ စက်တပ်လေထီးက ဗုံး ၄ လုံးကြဲချတိုက်ခိုက်တာလို့ မုံရွာမြို့နယ်ပကဖတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
” သေဆုံးက ၂ ယောက်ဖြစ်သွားတယ်။ ဆေးရုံမှာ ၁ ယောက်ဆုံးတယ်။ သားအဖ ၂ ယောက်။ အမှန်က ** တွေမီးရှို့လိုက်လို့ နေရာပြန်မဆောက်နိုင်ကြလို့ ပေးတဲ့မိုးကာလေးတွေနဲ့ ဘုရားဝန်းထဲမှာ တဲထိုးပြီးနေကြတာ။ မီးဘေးသင့်တွေ။” လို့ သူက ပြောပါတယ်။

ဗုံးစထိမှန်လို့ ဘုန်းကြီးကျောင်းနဲ့ဘုရားဝန်အတွင်းနေထိုင်နေတဲ့ အသက် ၁၈ နှစ် နဲ့ အသက် ၅၀ ဝန်းကျင် သားအဖ ၂ ဦးသေဆုံးခဲ့ပြီး အသက် ၃၀ ကနေ ၅၀ ကြားရှိ သံဃာ ၁ ပါး၊ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၄ ဦးဒဏ်ရာရခဲ့ကာ ဘုရားဝန်းနဲ့ဘုန်းကြီးကျောင်းအတွင်းက အဆောက်အဦးတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်သေဆုံးသူတွေက တဆက်တည်းကပ်လျက်တည်ရှိတဲ့ သက်ကယ်ကျင်းနဲ့လယ်ပြင်ကျေးရွာက ဒေသခံတွေဖြစ်ပြီး၂၀၂၃ အတွင်း စစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုး၊ မီးရှို့ခဲ့လို့ ၂ ရွာပေါင်း အိမ်ခြေ ၅၀၀ ခန့်မီးလောင်ပျက်စီးခဲ့ကာ လက်ရှိအထိ နေအိမ်ပြန်မဆောက်နိုင်တာကြောင့် ဒေသခံ ၁၀၀ ကျော်ဟာ ကျေးရွာဘုရားဝန်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ မှီခိုနေထိုင်ကြနေရတယ်လို့ သိရပါတယ်။


ဒါ့အပြင် ကနီမြို့နယ်၊ မုဌောကျေးရွာကို ဖေဖော်ဝါရီ ၃ ရက် ယမန်နေ့ နေ့လယ်ပိုင်းက စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
“ လူတွေကတော့ ပုံးကျင်းထဲ ဝင်လိုက်နိုင်တယ်၊ ၁ ယောက်မှ မထိဘူး။ အိမ်ကတော့ မွစာကြဲသွားတယ်၊ ပျားပုံးတွေတွေလည်း ပျက်စီးတာရှိတယ်၊ ဘာတိုက်ပွဲမှမရှိဘဲ ဒီတိုင်းကြဲနေတာ” လို့ ရွာခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။


လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂ လုံး၊ ကား ၁စီးနဲ့ အိမ်မွေးတိရစ္ဆာန်တွေအပါ မွေးမြူရေးပျားပုံးတွေလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုအပြီး မုဌောရွာခံတွေနဲ့ အနီးဝန်းကျင်ကျေးရွာနေပြည်သူအချို့ဟာ လေကြောင်း အန္တရာယ်ကြောက်တာကြောင့် နေအိမ်တွေမှာ ဆက်လက်မနေထိုင်ရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။









