ချောင်းဦး၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာမှာ အမျိုးသားတဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားတယ်လို့ ချောင်းဦးမြို့နယ်ပကဖဆီက သိရပါတယ်။
မိုင်းနင်းမိသူဟာ ကျီကုန်းရွာနေ အသက် ၃၄ နှစ်အရွယ်ရှိ အမျိုးသား ၁ ဦးဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်မနက် ၁၁ နာရီခန့်မှာ သူနေအိမ်ခြံဝင်းထဲမှာတင် မိုင်းနင်းမိခဲ့တာလို့ဆိုပါတယ်။


“မနေ့ကတယောက်က သူ့အိမ်ထဲထိတာ။ အိမ်မရောက်တာကြာတာရယ် ကိုယ့်အိမ်ကိုယ်ရှိသေးရဲ့လား ဆိုပြီး ပြန်ကြည့်တာ။ ရွာမှာက မီးရှို့ခံထားရတာလည်းများတာဆိုတော့။ မိုင်းထိလို့ညာဘက် ခြေထောက်တော့ ပြတ်သွားတယ်”လို့ ချောင်းဦးမြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။
မိုင်းထိလို့ခြေထောက်ပြတ်သွားသူကိုတော့ နီးစပ်ရာနေရာမှာဆေးကုသနေရပြီး အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မှာလည်း ကျေးရွာထဲကို စစ်ဘေးရှောင်နေရာကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့ အမျိုးသား ၁ ဦးကျေးရွာအလယ်လမ်းပေါ်မှာ မိုင်းနင်းမိပြီး လူထိခိုက်မှုမရှိပေမယ့် ဆိုင်ကယ်တော့ ပျက်စီးသွားပါသေးတယ်။
ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး ကျီကုန်းကျေးရွာထဲကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော် ဝင်ရောက်လာပြီးနောက် ကျေးရွာထဲက သံဃာတော်နဲ့ ဒေသခံတွေကိုပစ်ခတ်ကာ နေအိမ်တွေကိုပါ မီးရှို့ပြီးနောက် ဒီဇင်ဘာ ၂၆ ရက်မှာ ချောင်းဦးမြို့ဘက်ကို ပြန်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကြောင်းက သတ်ဖြတ်ခဲ့လို့ သက်တော် ၆၁ နှစ် ဝါတော် ၄၀ ရှိ ဦးသုမန၊ ၄၄ နှစ်အရွယ် ကိုမင်းနိုင်၊ အသက် ၇၀ အရွယ် ဦးဖိုးဌေး နဲ့ ၅၆ နှစ်အရွယ် ဦးကျော်လင်းတို့ သေဆုံးခဲ့ပြီး ကျီးကုန်းရွာလယ်က နေအိမ် ၁၃၅ လုံးနဲ့ ကျီကုန်းအနောက်ရွာက နေအိမ် ၈၅ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းဟာ ကျေးရွာထဲမှာအထိုင်ချနေထိုင်စဥ် နင်းမိုင်းတွေကိုထောင်ထားခဲ့တာကြောင့် ဒေသကာကွယ်ရေးအဖွဲ့တွေ မိုင်းရှင်းလင်းရာ ဒီဇင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်အတွင်း ခြေနင်းမိုင်း ၁၁ လုံးသိမ်းဆည်းရမိရှိထားတယ်လို့ သိရပါတယ်။
မိုင်းရှင်းလင်းရေးလုပ်နေတာကြောင့် ဒီဇင်ဘာလ ၃၀ ရက်အထိတော့ ရွာခံတွေကို ကျေးရွာထဲ ပြန်ဝင်ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။
စာတည်း – လင်း