အောင်လံ၊ မေ ၅၊ ၂၀၂၅။
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကန်သာယာကျေးရွာကို စစ်ကောင်စီတပ်က ၂ ရက်ဆက် ဗုံးကြဲခံရတာကြောင့် ဒေသခံ ၄ ဦးထိခိုက်ပြီး နေအိမ် ၁၀ လုံးကျော်ပျက်စီးခဲ့တယ်လို့ ရွာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မေ ၃ ရက်နေ့လယ် ၁ နာရီခန့်မှာ ဂျက်ဖိုက်တာ ၁ စီးက ကန်သာယာကျေးရွာထဲကို ပေါင် ၂၀၀ ဗုံး ၂ လုံးကြဲချခဲ့ရာ ကျေးရွာအရှေ့ဘက်ကိုကျပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ပါတယ်။
မေ ၄ ရက်ည ၇ နာရီ ၄၅ မိနစ်ခန့်မှာလည်း Y 12 လေယာဥ်နဲ့ ၆၀ မမ ဗုံးသီး အလုံး ၂၀ ခန့်ကြဲချခဲ့ရာ ကျေးရွာထဲ ၆ လုံးကျရောက်ပေါက်ကွဲပြီး ကျန်ဗုံးသီးတွေက ကျေးရွာအပြင်ဘက်ကို ကျရောက်ပေါက်ကွဲတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
“ကန်သာယာမှာက ဗုံးသီးအလုံး ၂၀ လောက်ချသွားတာဆိုတော့ အိမ်တွေထိခိုက်တာ၊ ပျက်တာ လန်တာပျံတာတွေရှိတယ်။ လူထိခိုက်တာလည်းရှိတယ်။ အိမ်တွေဆို ထရံပေါက်တာတွေပါဆို ၁၀ လုံးလောက်ရှိမယ်”လို့ ရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ဗုံးကျပေါက်ကွဲလို့ အသက် ၁၆ နှစ် နဲ့ ၂၀ နှစ်အရွယ် အမျိုးသား ၂ ဦး၊ ၄၀ ကျော်အရွယ် အမျိုးသား ၂ ဦး စုစုပေါင်း ၄ ဦး မစိုးရိမ်ရဒဏ်ရာရသွားပြီး နွား ၄ ကောင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အိမ်ခြေ ၁၂၀ ခန့်ရှိတဲ့ကန်သာယာရွာဟာ ခုလိုလေကြောင်းကဗုံးကြဲခံရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး လက်ရှိမှာ ဒေသခံ ၄၀၀ ခန့်လည်း ဘေးလွတ်ရာကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စာတည်း – လင်း