ပေါက်နယ်မှာ မုန်တိုင်းကြောင့် နှမ်းဧက ၁၆၀၀ ကျော်ပျက်စီးပြီး တောင်သူတွေ အခက်အခဲမျိုးစုံ ကြုံတွေ့နေရ

0 1
0 1

မကွေး၊ မေ ၂၀၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ မေလဒုတိယပတ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံတာတွေဖြစ်ခဲ့တာကြောင့် နှမ်းစိုက်ခင်းတွေပျက်စီးခဲ့ရတယ်လို့ ဒေသခံနှမ်းတောင်သူတွေက ပြောပါတယ်။

“နှမ်းနက်တွေစိုက်တာပါ။ လေရော မိုးရော ရေပါကြီးတော့ ပိုဆိုးတာပေါ့ဗျာ။ ခုလိုလည်း တခါမှမကြုံဖူးပါဘူး။ အပင်ကြီးတွေက လဲကုန်တယ်။ ရွှံနွံတွေကပ် အပင်လဲတာနဲ့ ဘေးနားက အခင်းတွေရော ပျက်စီးကုန်တာ” လို့ နှမ်းစိုက်တောင်သူတဦးက ပြောပါတယ်။

ပေါက်မြို့နယ် တနယ်လုံးဆိုရင် နှမ်းစိုက်တာ ဧက ၃၀၀၀ ကျော်ရှိပြီး ရေကြီးရေလျှံဖြစ်လို့ပျက်စီးတာ ဧက ၁၆၀၀ ကျော် ရှိတယ်လို့ မုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးသွားတာနဲ့ပတ်သက်လို့ လိုက်ကူညီဆောင်ရွက်ပေးနေတဲ့ ဒေသခံ လူမှုအဖွဲ့အစည်းတခုမှ တာဝန်ရှိသူ တဦးကဆိုပါတယ်။

ပေါက်မြို့နယ်၊ ကျောချောင်းနဲ့ ယောချောင်းဘေးက ရွာပေါင်း ၉၀ ကျော်မှာလည်း ပျက်စီးတာများပြီး နှမ်းခင်းတွေ သဲတွေဖုံး၊ ရေတွင်း၊ ရေစက်၊ တိရစ္ဆာန်တွေ၊ လူနေအိမ်တွေ မျောပါ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

“နှမ်းခင်းက ရေဘုံဘိုင်တွင်းတွေ ပျက်စီးတယ်။ စိုက်ခင်းထဲသဲတွေဖုံးကုန်တယ်။ ရေတင်စက်တွေ နွား၊ ဆိတ်၊ သိုး၊ ဝက်တွေလည်းရေထဲပါကုန်တယ်။ သေတာတွေလည်းရှိတယ်။ အိမ်တွေလည်းပြင်ရအုံးမယ်။ နောက်ရာသီစိုက်ဖို့ တောင်ဘာလုပ်ရမှန်းမသိတော့ပါဘူး။ ငွေကြေးပိုင်းကတော့ပိုဆိုးတာပေါ့ဗျာ” လို့ပေါက်ဒေသ ခံလူငယ်တဦးက မြေလတ်အသံကိုပြောပါတယ်။

နှမ်းတဧက စိုက်ပျိုးကုန်ကျစရိတ်အနေနဲ့ နှမ်းမျိုးတတင်းကို ၁ သိန်း ၁ သောင်းကျပ်၊ထွန်ယက်ခ ၁ သိန်းကျပ်၊ စိုက်ပျိုးခ တသောင်းခွဲကျပ်၊ ရေတင်ဓာတ်ဆီ ၂ သောင်းကျပ်၊ပိုးဆေးမှိုဆေးဘိုး ၄ သောင်းကျပ်၊ ရိတ်သိမ်းသယ်ယူခ ၃ သောင်းခွဲကျပ်၊ ရေတင်ခ တသောင်းခွဲကျပ် စုစုပေါင်းကုန်ကျစရိတ် ၃ သိန်းခွဲဝန်းကျင်လောက် ကုန်ကျစရိတ်ရှိတယ်လို့ ဆက်ပြောပါတယ်။

ပေါက်မြို့နယ်ကတောင်သူတွေခင်ဗျာ နှမ်းသီးနှံအပြင်၊ မြေပဲ၊ စပါး၊ ကုလားပဲ၊ ကြက်သွန်သီးနှံစိုက်ခင်းတွေမှာလည်းအပျက်အစီးတွေရှိလို့ တောင်သူတွေအနေနဲ့အခက်အခဲမျိုးစုံရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။